ပင်လယ်နီဒေသမှာ ဟူသီတို့ရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်လာနိုင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး

 

ဝါရှင်တန် ၊ ဒီဇင်ဘာ-၂၂- ၂၀၂၃

မျိုးဆက်(VOM)

ယီမင်အခြေစိုက်တဲ့ ဟူသီသူပုန်တွေဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးကတဆင့် ရေနံ၊ ကောက်ပဲသီးနှံ၊ လူသုံးကုန်ပစ္စည်း စီးဆင်းမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။

ကနဦးမှာတော့ ဟူသီတို့ဟာ အစ္စရေးနဲ့ဆက်နွယ်တဲ့ ဦးတည်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့ စူးအက်တူးမြောင်းကို ဦးတည်တဲ့ နော်ေ၀ လေယာဉ်ဆီတင်ဆောင်လာတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီးနောက်မှာ ကုန်သွယ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပိုမိုကြီးထွားလာခဲ့ပါတယ်။

#ပင်လယ်နီက ဘယ်လောက် အရေးပါလဲ

ပင်လယ်နီဟာ မြောက်ဘက်စွန်းမှာ စူးအက်တူးမြောင်းရှိပြီး တောင်ဘက်စွန်းမှာတော့ အေဒင်ပင်လယ်ကွေ့ကိုဦးတည်နေတဲ့ ကျဉ်းမြောင်းတဲ့ ဘက်အီလ်မန်ဒက် ရေလက်ကြားရှိကာ အာရှနဲ့ ဥရောပအကြား ကုန်စည်ပို့ဆောင်ဖို့ စူးအက်တူးမြောင်းကို ဖြတ်သွားတဲ့ သင်္ဘောတွေနဲ့ စည်ကားတဲ့ ရေလမ်းတခုဖြစ်ပါတယ်။

ရေနံနဲ့ ဒီဇယ်လို ဥရောပရဲ့ စွမ်းအင်ထုတ်ကုန်အများအပြားဟာ ပင်လယ်နီဒေသရေလမ်းကနေ ကူးသန်းရောင်းဝယ်မှု ပြုနေတယ်လို့ နိုင်ငံတကာ သင်္ဘောကုန်သည်ကြီးများအသင်းရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကုန်သွယ်မှုဆိုင်ရာ အကြီးတန်းမန်နေဂျာ ဂျွန်စတောပါတ်က ပြောပါတယ်။

ဒါ့အပြင် စားအုန်းဆီ ကောက်ပဲသီးနှံနဲ့ အခြားထွက်ကုန်တွေဖြစ်တဲ့ ကမ္ဘာ့စိုက်ပျိုးမှုများတဲ့ ထုတ်ကုန်တွေ အပါအဝင် ကမ္ဘာ့ကုန်စည် စီးဆင်းမှုနဲ့ ကူးသန်းရောင်းဝယ်တင်ပို့မှုကလည်း ဒီရေလမ်းက အဓိက ဖြတ်သန်းရတာဖြစ်ပါတယ်။

#ဟူသီက ဘာကြောင့် တိုက်ခိုက်လဲ

ဟူသီတွေဟာ ယီမင်နိုင်ငံအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့ဖြစ်ပါတယ်။ အရင်ကာလတွေကတည်းက ဟူသီတွေဟာ ဒေသတွင်းက သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပေမယ့်လည်း အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်ပွားပြီးနောက်မှာတော့ တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

ဒါဟာ အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ ဟားမတ်စ်နဲ့ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့သဘော ပြသတာဖြစ်ပြီး ဂါဇာကို လူသားချင်းစာနမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်မပြုမချင်း ပင်လယ်နီက သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီတွေက အခိုင်အမာဆိုပါတယ်။

ယီမင်ရှိ ဟူသီထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာဖြစ်တဲ့ တိုက်ခိုက်မှုအများအပြားဟာ နိုင်ငံတကာရေပိုင်နက်နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရုံးက ပြောပါတယ်။

“ ဟူသီတွေဟာ အာရေဗျကျွန်းဆွယ်တဝိုက် အထူးသဖြင့် ပင်လယ်နီတဝိုက်ရှိ ရေကြောင်းသွားလာရေးဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စွက်ဖက်တာဟာ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိဘူး” လို့ သူကဆိုပါတယ်။

#ကုန်သွယ်ရေးအပေါ် သက်ရောက်မှု

ပင်လယ်နီမှာ ဟူသီတို့ရဲ့တိုက်ခိုက်မှုကြောင့် အချို့သော အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေဟာ အာဖရိကနဲ့ ဂွတ်ဟုတ်ပ် အငူတဝိုက်က ရှည်လျားတဲ့ ခရီးစဉ်လမ်းကြောင်းကို ရွေးချယ်နေပြီး ဒီလိုကုန်စည်ပို့ဆောင်မှုဟာ သင်္ဘောအမြန်နှုန်းအပေါ် မူတည်ပြီး ၁၉ ရက်ကနေ ၃၁ ရက်လောက်ထိ ပိုမိုကြာမြင့်တတ်ပါတယ်။

ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေနံဈေးတွေ ကမောက်ကမဖြစ်ခဲ့ရသလို ချက်ချင်းလက်ငင်းသက်ရောက်မှုကတော့ သင်္ဘောနဲ့ ပတ်သက်တဲ့ အာမခံစရိတ်တွေ တိုးမြင့်လာတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီကြီးတွေက ပင်လယ်နီလမ်းကြောင်းကို ရှောင်ရှားဖို့နဲ့ အဲဒီလမ်းကြောင်းက ပို့ဆောင်ရေးတွေကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

ခုဖြစ်နေတဲ့ တိုက်ခိုက်မှုတွေက ပင်လယ်နီအတွင်း စီးပွားဖြစ် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ မတည်ငြိမ်မှုတွေကို ကိုယ်စားပြုပြီး ရေတိုနဲ့ ကာလလတ်တွေမှာ အာမခံနှုန်းထားတွေ ဆက်လက်မြင့်တက်လာနိုင်ပြီး ဒီစရိတ်ဟာ စားသုံးသူတွေအပေါ် သက်ရောက်မယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

#ပင်လယ်နီကို ဟူသီတို့ ပိတ်ဆို့နိုင်မလား

ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဟူသီအဖွဲ့ဟာ ဒရုန်းနဲ့ ဒုံးကျည်တွေလို အနှောက်အယှက်ပြုနိုင်တဲ့ လက်နက်တွေပဲ ပိုင်ဆိုင်ထားသလို ပင်လယ်ပြင်မှာ စိုးမိုးနိုင်ဖို့နဲ့ ခုခံကာကွယ်နိုင်ဖို့ ရေတပ်မရှိတာဖြစ်ပါတယ်။

ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဒရုန်းနဲ့နှောက်ယှက်ပစ်ခတ်မှုတေ၊ွ ဒုံးကျည်တိုက်ခိုက်မှု၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေလို နည်းလမ်းတွေအပေါ်မှာသာ မှီခိုနေရပါတယ်။ ဒါပေမယ့်လည်း ဒီလိုလုပ်ရပ်ဟာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းအတွက် အထိတ်တလန့် ဖြစ်စေပြီး ပေါ့ပေါ့တန်တန် သဘောထားလို့ မရကြောင်း သင်္ဘောကုန်သည်ကြီးများအသင်းက စတောပါတ်က ဆိုပါတယ်။

ပင်လယ်နီဟာ ဥရောပနဲ့အာရှအတွက် အလွန်အရေးကြီးတဲ့ ထောက်ပံ့ရေး လမ်းကြောင်းဖြစ်လို့ ပင်လယ်နီကိုဖြတ်ပြီး ကုန်သွယ်မှုပြုနေတာ အများကြီးမြင်နေရဦးမှာဖြစ်ပြီး ဟူသီတို့ လွှမ်းမိုးထိန်းချုပ်ထားးနိုင်တဲ့ ဧရိယာကလည်း အကန့်အသတ်ရှိတယ်လို့ သူကမှတ်ချက်ပြုပါတယ်။

“ပင်လယ်နီကိုဖြတ်ပြီး သယ်ယူပို့ဆောင်ရေးတွေကို ဟူသီသူပုန်တွေ ပိတ်ပစ်ဖို့ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ကျွန်တော်မယုံပါဘူး။ သင်္ဘောလုပ်ငန်းတွေအနေနဲ့က ဒီလိုခြိမ်းခြောက်မှုတွေ လျော့ပါး သက်သာဖို့နဲ့ ကုန်သွယ်မှုတွေ ဆက်လက်စီးဆင်းနေဖို့ တတ်နိုင်သလောက် လုပ်ဆောင်သွားမှာပါလို့”စတောပါတ်က ဆိုပါတယ်။

ယေဘုယျအားဖြင့် သင်္ဘောနဲ့ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကြောင်း ပို့ဆောင်ရေးလုပ်ငန်းအတွက် လက်ရှိအခြေအနေဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုလို့ ယူဆလို့မရသေးပေမယ့် ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ကုန်စည်အဓိက တင်ပို့ရာ ပင်လယ်နက်ရဲ့ အစိတ်အပိုင်းတွေ ပိတ်ဆို့ခံခဲ့ရတာ ဥပမာတရပ်အဖြစ် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒါပေမယ့်လည်း အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတရပ်အနေနဲ့ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေရဲ့ ရေတပ်တွေရဲ့ ပိုမိုခိုင်မာတဲ့ တုံ့ပြန်မှုတွေကို တွေ့မြင်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လက်ရှိမှာလည်း ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ထိန်းချုပ်ဖို့ အမေရိကန်အပါအဝင် ၁၀ နိုင်ငံညွှန့်ပေါင်းအဖွဲ့က ပင်လယ်နီမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စတင်နေပြီဖြစ်တာကြောင့် ပင်လယ်နီကို ဟူသီတို့ထိန်းချုပ်နိုင်ရေးက ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်ထားကြပါတယ်။

Ref:AFP/CNN

Photo: Houthi

 

Related posts

Leave a Comment

VOM News

FREE
VIEW