ရန်ကုန်မှာ ခရီးသွား လည်ပတ်စရာနေရာ ၃၇ ခုအထိ ရှိလာ

 

ဒီဇင်ဘာ ၂၁ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့မှာ ခရီးစဉ်သစ် ကိုးခု ထပ်မံဖော်ဆောင်ထားပြီး အရင် ဖော်ဆောင်ထားတဲ့ ခရီးစဉ်နေရာ ၂၈ ခုရှိတဲ့အတွက် အခုအခါမှာ စုစုပေါင်းခရီးစဉ်နေရာ ၃၇ ခုအထိ ရှိလာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

အခုနှစ်ထဲ ထပ်မံ ဖော်ဆောင်ထားတဲ့ ခရီးစဉ်သစ် ကိုးခုကတော့ ဗဟန်းမြို့နယ်ရှိ ချင်းချောင်းနန်းတော်၊ သန်လျင်မြို့နယ်ရှိ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း (သို့) ငဇင်ကာအုတ်ဂူ၊ ဒဂုံမြို့နယ်ရှိ အာဇာနည်ဗိမာန်နဲ့ ဦးဥတ္တမပန်းခြံ (သို့) ကန်တော်မင်္ဂလာပန်းခြံ၊ ပန်းဘဲတန်းမြို့နယ်ရှိ သျှာရီကာလီမယ်တော်ကျောင်းနဲ့ ကဗျာဆရာကြီး မဂိုအင်ပါယာ ဧကရာဇ်မင်း ဘာဟာ ဒူးရှားဇဖာရ်ရှား ဂူဗိမာန်၊ ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဟိန္ဒူဘုရားကျောင်းနဲ့ကျိုက်ပြသာဒ်တနော် ကောင်းမှုစေတီတော်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ခရီးသွားလုပ်ငန်းရှင် တယောက်က “ခရီးသွားနေရာသစ်တွေ ဖော်ဆောင်တာကလည်း ‌ဖော်ဆောင်တာပေါ့။ ဒါပေမယ့် လက်ရှိ ပြည်တွင်းအခြေအနေနဲ့က ပြည်ပခရီးသွားက သိပ်မျှော်လို့မရသေးဘူး။ ပြည်တွင်းခရီးသွားတွေကလည်း အနည်းအကျဉ်းလောက်ပဲ သွားကြ၊ လာကြတာ။ ကုန်ဈေးနှုန်းကလည်း တက် ဆိုတော့ အခြေအနေက မဟန်သေးပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို နေရာသစ်တွေဖော်ပြီး အမျိုးမျိုး ဆွဲဆောင်နေကြတာပေါ့။ ဒါပေမယ့် တိုင်းပြည်အခြေအနေကလည်း မကောင်း၊ သွားရလာရတာလည်း မငြိမ်းချမ်းတဲ့အခါကျတော့ အဆင်မပြေပါဘူး။ တနေရာနဲ့ တနေရာသွားဖို့က လမ်းပန်းဆက်သွယ်‌ရေးကောင်းဖို့လည်း လိုတယ်လေ” လို့ ပြောပါတယ်။

ရန်ကုန်မှာ ကနဦး ဖော်ဆောင်ထားခဲ့တဲ့ ခရီးစဉ်နေရာ ၂၈ ခု ကတော့ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်နဲ့ အမျိုးသားပြတိုက်၊ ကျောက်တံတားမြို့နယ်ရှိ ဆူးလေစေတီတော်နဲ့ မဟာဗန္ဓုလပန်းခြံ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကန်တော်ကြီးဥယျာဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား၊ မှော်ဘီမြို့နယ်ရှိ ဂျပန်ဘုရား၊ မရမ်းကုန်းမြို့နယ်ရှိ ကျောက်တော်ကြီးဘုရား၊ စွယ်တော်မြတ်စေတီတော်နဲ့ ကမ္ဘာအေးစေတီတော်၊ ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်းရေလယ်ဘုရား၊ သန်လျင်မြို့နယ်ရှိ ကျိုက်ခေါက်ဘုရား၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားဥယျာဉ်၊ ထောက်ကြန့် စစ်သင်္ချိုင်းနဲ့ ဓာတ်တော်မွေတော် ကံကူစေတီတော်၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်၊ ဝန်ကြီးများရုံး (အတွင်းဝင်ရုံး) နဲ့ ဗိုလ်တထောင်ကမ်းနား၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုစေတီတော်၊ ဒလမြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးနဲ့ လှိုင်မြို့နယ်ရှိ အင်းယားကန်ဘောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip – FAM Trip) အဖြစ် အောက်တိုဘာလမှာ ရုရှားခရီးသွားတွေ ဖိတ်ခေါ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ထိုင်းခရီးသွားတွေဖိတ်ခေါ်ခဲ့ကာ လက်ရှိမှာလည်း ဟိုတယ်/ခရီးက ဦးဆောင်ပြီး တရုတ်ခရီးသွားတွေ ဖိတ်ခေါ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက်လည်း ရန်ကုန်တိုင်းအတွင်း လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ မြန်မာ့ ၁၂ လရာသီပွဲတော်တွေဖြစ်တဲ့ နှစ်သစ်ကူးရေသဘင်ပွဲတော်၊ ညောင်ရေသွန်းပွဲတော် စတဲ့ ပွဲတော်တွေကို ကျင်းပ ပြုလုပ်လျက်ရှိတဲ့အပြင် မကြာမီ ကျရောက်မယ့် တခြားပွဲတော်တွေဖြစ်တဲ့ Happy New Year ပွဲတော်၊ လွတ်လပ်ရေးနေ့ပွဲတော်၊ တရုတ်နှစ်သစ်ကူးပွဲတော်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ပွဲတော်၊ ပြည်ထောင်စုနေ့ပွဲတော်၊ သန်လျင်ကျိုက်ခေါက်ဘုရားပွဲတော်၊ Night Market ပွဲတော် စတဲ့ ပွဲတော်တွေကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW