ပဲခူးမြို့နယ်အတွင်းမှ အသက် (၁၀) နှစ်ကျော်အရွယ် ကိုရင်ငယ် လေးပါးပျောက်ဆုံးမှု တလကျော်ကြာထိ ပြန်မတွေ့သေး

 

ဒီဇင်ဘာ ၂၆ – ၂၀၂၃

SN (VOM)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ကုန်းရှိ မဟာဝိဟာရကျောင်းတိုက်မှ အသက် (၁၀) နှစ်ကျော်အရွယ် ကိုရင် လေးပါး ပျောက်ဆုံးနေတာဟာ လက်ရှိမှာ ရက်ပေါင်း တလကျော် ကြာမြင့်လာနေပြီဖြစ်တယ်လို့ အဲ့ဒီ့ကျောင်းက ဦးပဉ္ဇင်းတပါးက မိန့်ကြားပါတယ်။

အဲ့ဒီ့ ကိုရင်ငယ်လေးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃) ရက်၊ မနက်ပိုင်းမှစတင်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ဆရာသမားတွေ၊ ဘုန်းကြီးတွေမသိခင်မှာ မနက်အစောကြီးထွက်သွားတာ။ မနက်အာရုံဆွမ်း ဘုန်းချိန် ၆ နာရီလောက်ပေါ့၊ အဲ့ဒီအချိန်မှာ ထွက်သွားတာ။ အခုထိတော့ ရှာလို့မတွေ့သေးဘူး။ ကိုရင်လေးတွေက ငယ်တယ်။ အသက် ၁၂/၁၃ အရွယ်လေးတွေ။ အရင်ကလည်း တခြားကိုရင်လေးတွေလည်း အဲ့လိုပဲ တခြားကျောင်းတွေဘာတွေ ရောက်သွားလို့ သွားခေါ်နေကျ။ အဲ့တော့ ဒီ ကိုရင်လေးတွေလည်း ပြန်တွေ့မယ်ထင်ထားတာ။ အခုတခါ ကိုရင်လေးတွေကျ ရှာလို့မရနဲ့ဆိုတော့ ဟိုဆက်သွယ်၊ ဒီဆက်သွယ်ရင်းနဲ့ ရှာလို့မရတော့ လူမှုကွန်ယက်ပေါ် တင်လိုက်တာ။ မိဘတွေကလည်း စိုးရိမ်နေကြတယ်။ ရဲစခန်းတွေဘာတွေတော့ အကြောင်းမကြားရသေးဘူး” လို့ အဲ့ဒီ့ကျောင်းက ဦးပဉ္ဇင်းတပါးက မိန့်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် လေးပါးမှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှ ရှင်ဓမ္မနန္ဒ၊ လားရှိုးမြို့နယ်မှ ရှင်ဃောသက၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ရှင်စန္ဒနဲ့ ဂွမြို့မှ ရှင်ပညာသိရီတို့ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မြန်တွေ့ဖို့လိုတယ်။ မိဘတွေ စိတ်မကောင်းဖြစ်နေတော့ ဦးပဉ္ဇင်းတို့လည်း စိတ်မကောင်းဘူး။ မိဘတွေ အရမ်းစိုးရိမ်နေတယ်၊ သူတို့နဲ့ တွေ့စေချင်တယ်။ သူ့တို့ဘာသာသူတို့ မိဘတွေဆီ ဆက်သွယ်တာပဲဖြစ်ဖြစ်၊ ကျောင်း တကျောင်းကျောင်းကို ရောက်နေတယ်ဆိုရင်လည်း အဲ့ဒီ့က ကျောင်းထိုင်ဆရာတော်က သူတို့မိဘတွေကိုမေးမြန်းပြီး ဆက်သွယ်ပေးတာမျိုး ဖြစ်စေချင်တယ်။ ဦးပဉ္ဇင်းတို့ကျောင်းကို အတင်း‌ပြန်ခေါ်မှာမျိုးလည်း မဟုတ်ပါဘူး။ ဦးပဉ္ဇင်းတို့ ပြန်ခေါ်မှာကို သူတို့က စိုးရိမ်နေကြပုံလည်း ရတယ်။ ငယ်လည်း ငယ်သေးတယ်ဆိုတော့ အဲ့လိုပဲ တွေးကြမယ်ထင်တယ်။ အဓိက က မိဘတွေနဲ့ အဆက်အသွယ်ရသွားရင်၊ အဆင်ပြေသွားရင် ပြီးပါပြီ” လို့ ဦးပဉ္ဇင်းက မိန့်ကြားပါတယ်။

အဲ့ဒီ့ ကိုရင်တွေဟာ သူတို့ရဲ့ မိဘတွေနေထိုင်ရာ မြို့နယ်တွေကိုလည်း ပြန်လည် ရောက်ရှိလာခြင်းမရှိဘူးလို့ သိရပါတယ်။

“အဲ့ဒီ့ ကိုရင်တွေက ဦးပဉ္ဇင်းတို့ကျောင်းမှာ ရောက်နေတာ နှစ်နှစ်၊ သုံးနှစ်လောက် ရှိကြပြီ။ ဦးပဉ္ဇင်းတို့ကျောင်းမှာက ပိုက်ဆံမကိုင်ရဘူး၊ ဗီဒီယို မကြည့်ရဘူး၊ ဖုန်းတွေလည်း မကိုင်ရဘူးဆို‌တော့လေ။ ကလေးတွေဆိုတော့ အဲ့ပစ္စည်းတွေမြင်ရင် ကိုင်ချင်တယ် ဖြစ်လာပုံရတယ်။ အဲ့ဒါနဲ့ အပြင်ကိုထွက်ချင်တယ်၊ အပြင်ကျောင်းတွေမှာ နေချင်တယ်၊ အဲ့လိုမျိုး ဖြစ်လာပုံရတယ်။ သူတို့ ဘယ်ရောက်နေလဲဆိုတာ ဦးပဉ္ဇင်းတို့ လက်လှမ်းမီ‌သလောက် စုံစမ်းပြီးပြီ။ တခြားကျောင်းတွေမှာ ရောက်နေတယ်လို့လည်း မကြားဘူး။ သူတို့မိဘ‌တွေဆီလည်း ပြန်မရောက်ကြဘူး။ ရခိုင်မှာလည်း လမ်းတွေပိတ်တယ်၊ သွားလို့လာလို့ အဆင်မပြေဘူးလေ” လို့ ဦးပဉ္ဇင်းက ဆက်လက် မိန့်ကြားပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင်ငယ်လေးတွေကို မိမိတို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ တွေ့ရှိခဲ့ရင် ဖုန်းနံပါတ် ၀၉ ၆၇၆၆၉၁၄၇၅၊ ၀၉ ၆၉၇၄၅၆၀၈၁၊ ၀၉ ၆၆၈၆၁၄၁၇၄၊ ၀၉ ၇၉၀၇၇၂၉၃၃ တို့ကို ဆက်သွယ် အကြောင်းကြားပေးနိုင်တယ်လို့ အဲ့ဒီ့ မဟာဝိဟာရကျောင်းတိုက်က အကူအညီတောင်းခံထားပါတယ်။

Photo:မဟာဝိဟာရကျောင်းတိုက်

 

Related posts

Leave a Comment

VOM News

FREE
VIEW