ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

 

ဒီဇင်ဘာ ၂၆ – ၂၀၂၃

SN (VOM)

ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ တပတ်တာကာလအတွင်းမှာလည်း အရင်တပတ်ကလိုပဲ အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေဟာ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီ့လိုပဲ စက်သုံးဆီ ဈေးနှုန်းတွေလည်း ပြန်လည် မြင့်တက်လာတာကို တွေ့ရပြီး ဒီဇင်ဘာ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဈေးတန်းထက် ကျော်လွန်နေသလို ဈေးကွက်အတွင်း ဆီဝယ်ယူရခက်နေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အနေအထားကို ချိန်ဆနိုင်ဖို့ အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

ပြည်တွင်း ရွှေဈေးဟာ အခု ဒီဇင်ဘာလထဲမှာလည်း တောက်လျှောက်ဆိုသလို အရောင်းအဝယ် အေးနေခဲ့ပေမယ့် ဈေးနှုန်းတွေကတော့ ၃၇ သိန်းဝန်းကျင်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အခုတပတ် ဒီဇင်ဘာ ၂၀ ရက်၊ ညနေပိုင်းကနေ ၂၂ ရက် မနက်ပိုင်းအထိ အခေါက်ရွှေ ၁၆ ပဲရည် တကျပ်သား ၃၇ သိန်းအောက် ရောက်ရှိခဲ့ပေမယ့် ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ ၃၇ သိန်းအတိ ပြန်လည် ရောက်ရှိခဲ့ပြီး ၂၃ ရက်နေ့မှာတော့ ၃၇ သိန်းစွန်းစွန်းကို ပြန်လည် မြင့်တက်ခဲ့ပါတယ်။

“ရွှေဈေးကတော့ ဒီ တလလုံးလိုလိုမှာ ဒီ ၃၇ သိန်း ဈေးတန်းမှာပဲ အတက်အကျ နည်းနည်းနဲ့ ရှိနေခဲ့တာပေါ့။ ၃၇ အောက် ရောက်ရင်လည်း ခဏပဲ။ အရောင်းအဝယ်က‌တော့ အေးနေဆဲပေါ့။ ရွှေအတုံးဈေးကွက်မှာလည်း အရောင်းအဝယ် မရှိသလောက်ပဲ။ ရောင်းတဲ့သူက ရှိပေမယ့် အဝယ်က မရှိတာ။ လာမယ့်နှစ်ထဲမှာလည်း ဘယ်လိုလာဦးမလဲမသိဘူး။ လက်ရှိ အနေအထားအရ ဈေးကွက် အနေအထားက မှန်းရခက်ပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တပတ်တာအတွင်း တ‌အောင်စ ဒေါ်လာ ၂၀၀၀ အထက်မှာပဲ ဆက်ရှိနေပြီး ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မှာတော့ တပတ်အတွင်း အမြင့်ဆုံးဈေး တ‌အောင်စ ၂၀၅၅ ဒေါ်လာကို ရောက်ရှိနေပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ထုတ်ပြန်နေတဲ့ ဈေးကွက်ဈေးနှုန်းဟာလည်း ဒီဇင်ဘာ ၂၃ ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ ၃၇ သိန်း ဈေးတန်းကို ရောက်ရှိလာတဲ့အတွက် ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ၄၂၀၀ ကျပ်သာ ကွာဟပါတော့တယ်။

#ငွေလဲနှုန်း

ပြည်တွင်း ငွေလဲနှုန်းတွေဟာ တပတ်တာကာလအတွင်း ၃၅၀၀ ဝန်းကျင်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ပြည်တွင်းငွေလဲနှုန်းတွေဟာ အတက်ဘက်မှာပဲ ဈေးမာနေဆဲ ဖြစ်ပါတယ်။

“ငွေဈေးကတော့ အနှေးနဲ့အမြန် တက်ဖို့ပဲရှိတာပေါ့။ control မရှိရင်တော့ စီးပွားရေးလုပ်ငန်းရှင်က တက်ဖို့ ချောင်းနေတာပေါ့။ ဒေါ်လာဈေးကတော့ ကစားနေဦးမှာပဲ။ ဈေးဖွင့်ပေးလိုက်ပြီဆိုကတည်းက ဘာဆက်ဖြစ်မယ်ဆိုတာ တွက်ပြီးသား။ ဈေးဆွဲတင်မယ်၊ တဒေါ်လာ ၅၅၀၀ ၊ ၆၀၀၀ ဖြစ်အောင်လုပ်မယ်။ လုပ်ငန်းရှင်က ဒါနဲ့ပဲ လုပ်စားတာလေ။ ဒေါ်လာရယ်၊ ရွှေရယ်၊ မြေရယ်ပဲ ကစားနေကြတာ” လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ်ပိုင်းမှာတော့ အမေရိကန် တဒေါ်လာကို ၃၅၁၀ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၆၁၄ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၉.၅၀ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၁ ဒသမ ၄၅ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၈၀ ကျပ်ဝန်းကျင်ဈေး ရှိနေပြီး အရင်တပတ်ကထက် အနည်းငယ်စီ မြင့်တက်လာတာကို တွေ့ရပါတယ်။

#စက်သုံးဆီဈေးနှုန်း

စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ စျေးနှုန်းတွေ မြင့်တက်သွားခဲ့ပြီး တချို့နေရာတွေမှာ ဆီပြတ်လပ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆီသင်္ဘော ၁၇ စီး ရောက်လာတယ်လို့ဆိုကာ ဆီထုတ်ယူမှု အခက်အခဲတွေ ခေတ္တယာယီ ပြေလည်ခဲ့ပါတယ်။

ဆီတင်သွင်းမှု အဆင်ပြေစေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ရောင်းချပေးနေလို့ စိတ်အေးရပြီလို့ ထင်နေပေမယ့် အခု ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ညနေပိုင်းကစပြီး ဆီပြတ်လပ်မှုတွေ နောက်တကျော့ ပြန်ဖြစ်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်ကြောင့် ဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့ မူဝါဒသစ်မှာ ရန်ကုန် သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်ယူမှုအတွက် စက်သုံးဆီခွဲတမ်း (Purchase Order-PO) ခွင့်ပြုမှုကို ထုတ်ယူရမယ့်နေ့အလိုက် သက်တမ်း သုံးရက်သာ သတ်မှတ်ပေးထားပြီး PO သက်တမ်း သုံးရက်အတွင်း ဆီထုတ်ယူနိုင်ခြင်း မရှိရင်တော့ အဲ့ဒီ့ ဆီခွဲတမ်းတွေကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ပါရှိပါတယ်။

“စက်သုံးဆီဈေးကတော့ ပြည်တွင်းက မတည်ငြိမ်မှုတွေကြောင့် သယ်ယူ‌ရာလမ်းကြောင်း အခက်အခဲတွေကြောင့်ရော၊ နောက် နိုင်ငံခြားသုံးငွေ ပြတ်လပ်တာ၊ ပြည်ပက စက်သုံးဆီဝင်ရောက်မှု မလုံလောက်တာတွေကြောင့် ဈေးကွက်အခြေအနေက‌ အရင်ကတည်းက အစိုးမရ ဖြစ်နေတာပေါ့။ ဒီအခက်အခဲတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ခဏတော့ သက်သာရာ ရသလို ဖြစ်ခဲ့ပေမယ့် PO သက်တမ်း သုံးရက်ဆိုပြီး သတ်မှတ်လိုက်ပြန်တော့ ဒုံရင်းက ဒုံရင်း ပြန်ဆိုက်သွားတယ်။ တမင် ခက်ခဲအောင် လုပ်နေသလားလို့တောင် ထင်ရတယ်” လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဈေးနှုန်းတွေဘက်မှာဆိုရင် ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၈ ရက်ကနေ ၂၁ ရက်နေ့အထိ ၃၄၀၀ ကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ အောက်တိန်း 92 စက်သုံးဆီဈေးဟာ ၂၂ ရက်နေ့မှစတင်ကာ ၂၅၆၀ ကို မြင့်တက် ရောက်ရှိနေပြီး စက်သုံးဆီဈေး ရုတ်တရက် ခုန်တက်ခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဈေးထက် ကျပ် ၅၀ ပိုမို မြင့်တက်လာတာကို တွေ့ရပါတယ်။

အဲ့ဒီ့လိုပဲ တခြားသော စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ရန်ကုန်မြို့မှာ 95 တလီတာ ၂၆၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၆၅ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ ၂၆၁၀ ကျပ်၊ 95 တလီတာ ၂၇၁၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၄၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅၁၅ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၆၀၀ ကျပ်၊ 95 တလီတာ ၂၇၁၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၄၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၅၁၅ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ဈေးအနည်းငယ်စီ ပြန်လည် မြင့်တက်လာပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW