ကောလင်းနယ်မှာ ငွေကြေးစီးဆင်းမှု ခက်ခဲတာကြောင့် စပါးဝယ်ယူသူ မရှိသလောက်ဖြစ်နေ

 

ဒီဇင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်မှာ အခုနှစ် စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ ကောလင်းနယ်မှာ ငွေကြေးစီးဆင်းမှုတွေ ခက်ခဲနေတာကြောင့် စပါးဝယ်ယူသူမရှိသလောက်ဖြစ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

” နှစ်တိုင်းက စပါးပွဲစားတွေက တလင်းသိမ်းဖို့ ငွေကြိုထုတ်ပေးပြီး စပါးသိမ်းတာဖြစ်တယ် ၊ ပွဲစား အချင်းချင်း အပြိုင်အဆိုင် စပါးဝယ်ယူတာမျိုးဖြစ်တယ် ၊ ဒီနှစ်မှာ ရိတ်သိမ်းစရိတ်မရှိလို့ တောင်သူတချို့ အခုထိ စပါးရိတ်သိမ်းဖို့ ကျန်နေသေးတယ် ၊ စပါးရိတ်ဖို့ အလုပ်သမား ခက်ခဲတာကြောင့် စက်နဲ့ရိတ်သိမ်းမယ်ဆိုရင် တဧကကို တသိန်း နှစ်သောင်းကနေ တသိန်ခွဲအထိစျေးပေါက်တယ် ၊ စျေးနူန်းတွေက ပြောင်းလဲမှုရှိတယ် ၊ စက်သုံးဆီ စျေးနူန်းအလိုက် ဖြစ်နေတယ် ၊ ဒီနှစ်က စိုက်စရိတ်က အခါတိုင်းနှစ်တွေထက် ကုန်ကျမှုများတယ် ၊ စပါးနို့ရည်ဝင်ချိန်မှာမုန်တိုင်းဝင်တာကြောင့် မှိုပိုးတွေမကျအောင် ပိုးသတ်ဆေးတွေဖျန်းရတယ် ၊ အဲ့ဒါကြောင့် တောင်သူတွေက ရိတ်သိမ်းစရိတ်ပြတ်နေရတာဖြစ်တယ် ၊ အခုဆို ကောလင်းနယ်မှာ စပါးရိတ်နိုင်သူ အနည်းငယ်လောက်ပဲရှိနေတာ ” လို့ တောင်သူတယောက်က ပြောပါတယ်။

ကောလင်းဒေသခံ စပါးပွဲစားတယောက်က

” ဒီနှစ်မှာ ကောလင်းနယ်မှာ ဆန်းစက်လုပ်ငန်းရှင် တချို့ စပါးမလှောင်ကြတော့ဘူး ၊ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ ကောလင်းနယ်မှာ ဘဏ်လုပ်ငန်းတွေ ရပ်တန့်နေပြီး ငွေကြေးခက်ခဲမှုတွေရှိလာတယ် ၊ နောက်ပြီး တခြားမြို့တွေက ဆန်ပွဲရုံ လုပ်ငန်းတွေက ကောလင်းဘဏ်တွေကို ချိတ်ဆက်လို့ အဆင်မပြေဘူး ၊ အခုဆိုရင် ကောလင်းနယ်က ဆန်စက်လုပ်ငန်းတွေနဲ့ စပါးပွဲစားတွေ ငွေကြေးစီးဆင်းမှုတွေ ခက်ခဲတာကြောင့် အလုပ်မဖြစ်ကြတော့ဘူး ၊ အဲ့ဒီ အပြင် ငွေကြေးလည်ပတ်နိုင်တဲ့ စပါးပွဲစားတွေကလည်း မီးရေးထင်းရေး အန္တရာယ်ကြောင့် စပါးကို ဒီနှစ်မှာ မလှောင်ရဲကြဘူးဖြစ်နေတယ် ၊ ဒီနှစ်က စပါးစျေး တတင်းကို တသောင်းခွဲကနေ တသောင်း ရှစ်ထောင်အထိ စျေးကောင်းရတယ် ၊ ဒါပေမယ့် ကောလင်းနယ်မှာ ငွေစင်ချပေးပြီး ဝယ်ယူနိုင်တဲ့ ပွဲစားက မရှိသလောက် ဖြစ်နေတယ် ” လို့ ပြောပါတယ်။

ကောလင်းမြို့နယ်မှာ ရှိတဲ့ ဒေသခံ ၇၈ ရာခိုင်နူန်းဟာ တောင်သူလုပ်ငန်း တွေဖြစ်ကြပြီး ကျန် ၂၂ ရာခိုင်နူန်းက ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ရွှေလုပ်ငန်းတွေ ၊ သစ်ဝါးလုပ်ငန်းတွေ ၊ မွေးမြူးရေး ထုတ်ကုန်လုပ်ငန်းတွေ ၊ ဆန်စပါး လုပ်ငန်းရှင်တွေနဲ့ ကုန်သည်ပွဲစားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ကစလို့ ကောလင်းမြို့ပေါ်ဟာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက မြို့ရဲ့အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးတွေပါ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

” ကောလင်းမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေဆိုတာ ငွေကြေးစုဆောင်းထားသူ အရေအတွက်က အလွန်နည်းတယ် ၊ အထူးသဖြင့် ကုန်ဖိုးငွေ ၊ အလွှဲအပြောင်း ကိစ္စတွေ ၊ ချေးငွေဆိုင်ရာ လုပ်ငန်းတွေ ၊ ဝန်ထမ်း လစာ လုပ်ငန်း စတာတွေ ဝန်ဆောင်မှုပေးရတာက များတယ် ၊ကောလင်းမှာရှိတဲ့ ဘဏ်တွေအားလုံးရဲ့ ဘဏ်ငွေဆိုတာ လုပ်ငန်း လည်ပတ်ငွေက အများဆုံးဖြစ်ပြီး ၊ ငွေသေ စုဆောင်ထားတာက မရှိသလောက်ဖြစ်တယ် ၊ ကောလင်းဘဏ်တွေ အားလုံးရဲ့ လက်ကျန် ငွေသားတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက အခုလောလောဆယ် ထိန်းချုပ်ထားလိုက်တယ် ၊ အဲ့ဒီ ထိန်းချုပ်ထားတဲ့ ငွေတွေကို စာရင်းဇယားပြုစုထားပြီး တော်လှန်ရေးပြီးရင် NUG က ​ပြန်ထုတ်ပေးမယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရတယ် ၊ လတ်တလောမှာတော့ ကောလင်းနယ်မှာ ကောက်ကြီး (စပါး) ပေါ်ချိန် ငွေကြေးစီးဆင်းမှုက ရပ်တန့်နေတာကြောင့် ဆန်စက်လုပ်ငန်းတွေ အပါအဝင် စပါးပွဲစားနဲ့ တောင်သူတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲဖြစ်နေကြတယ် ” လို့ ကောလင်းမြို့ခံတယောက်က ပြောပါသေးတယ်။

ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီဂျစ်တယ်ဘဏ်ဖြစ်တဲ့ နွေဦးဖွံဖြိုးရေးဘဏ်ကို ကောလင်းမြို့မှာ ပထမဆုံး မြေပြင်ဘဏ်ခွဲအဖြစ် မကြာမီကာလမှာ ဘဏ်ဝန်ဆောင်မှုတွေ ပေးတော့မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အခုနှစ် မိုးစပါးစိုက်ပျိုးရာသီးမှာ စစ်ရေး ပဋိပက္ခတွေဖြစ်နေလို့ စစ်ကိုင်းတိုင်းထဲက တန့်ဆည် ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ ရေဦး ၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေမှာ ယာယီတိုက်ပွဲရှောင် ပြေးလွှားနေရလို့ စပါးစိုက် တောင်သူတချို့ စပါးသိပ်ပြီးမစိုက်ရဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW