ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မရိတ်သိမ်းနိုင်တဲ့ စပါးခင်းဧက ထောင်နဲ့ချီ ရှိနေ

 

ဒီဇင်ဘာ ၂၈ – ၂၀၂၃

SN (VOM)

စပါးရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မရိတ်သိမ်းနိုင်တဲ့ စပါးခင်းဧက ထောင်နဲ့ချီ ရှိနေတယ်လို့ ‌ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

စပါးခင်းတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် စပါးရိတ်သိမ်းနိုင်ခြင်း မရှိသေးတဲ့အတွက် ဆန်အသစ်တွေလည်း ထွက်ရှိနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“တောင်သူတွေကလည်း စပါးမရိတ်သိမ်းရတော့ ဆန်မထွက်ဘူး။ စပါးခင်းတွေထဲ လက်နက်ကြီး ကျတာတွေရှိသလို မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိတယ်။ မိုခါမုန်တိုင်းတုန်းကလည်း စပါးခင်း၊ သီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးပြီ။ အခုလည်း တိုက်ပွဲ‌တွေ ဖြစ်နေပြန်တော့ စပါးတွေ အချိန်မီ ရိတ်သိမ်းဖို့က ခက်နေပြန်တယ်” လို့ ရသေ့တောင်မြို့နယ်၊ ကျွဲတပင်ကျေးရွာမှ တောင်သူတယောက်က ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေးအပြင် သဘာဝဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ရခိုင်ဒေသက တောင်သူတွေဟာ မိသားစုဝမ်းရေးအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အန်တုရင်း အခက်အခဲတွေ များစွာ ကြားထဲကနေ စပါးကိုတွေကို တပိုင်တနိုင် စိုက်ပျိုးထားကြတာလို့ သိရပါတယ်။

“အခု လယ်ကွင်းထဲမှာ စပါးတွေက မှည့်နေကြပြီ။ တိုက်ပွဲတွေ ဖြစ်တော့ လယ်တွေ၊ နွားတွေကိုလည်း ဒီတိုင်း ပစ်ထားခဲ့ရတယ်။ ဒီအချိန် လက်နက်ကြီးရန်ကြောက်လို့ လယ်ထဲလည်း ဘယ်သူမှ မသွားရဲကြဘူးလေ။ စပါးတွေ အမှည့်လွန်ကုန်ပြီး အလေအလွင့်ဖြစ်မှာစိုးရတယ်” လို့ မင်းပြားမြို့နယ်၊ ကြက်ယက်ကျေးရွာမှ တောင်သူတယောက်က ပြောပါတယ်။

ဒေသတွင်း တည်ငြိမ်မှုမရှိတာကြောင့် မိုးစပါးတွေကို အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိခဲ့တဲ့ ရခိုင်တောင်သူတွေအတွက် လတ်တလော ရင့်မှည့်နေပြီဖြစ်တဲ့ စပါးတွေကို အချိန်မီ ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ရင်တော့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် အခက်အခဲတွေ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း သုံးသိန်းကျော် ရှိနေပြီဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့ ဒုက္ခသည်တွေထဲက သုံးပုံတပုံလောက်ဟာ တောင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW