အိန္ဒိယမှာ ကျောင်းပျော်ပွဲစားထွက်ရင်း စက်လှေတိမ်းမှောက်မှု ဆရာနဲ့ကျောင်းသား ၁၄ ယောက်သေဆုံး

 

ဒေလီ၊ ဇန်နဝါရီ-၁၉-၂၀၂၄

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ ကျောင်းပျော်ပွဲစားထွက်တဲ့ စက်လှေတစင်းနစ်မြုပ်မှုကြောင့် ကျောင်းသားကျောင်းသူ ၁၂ ယောက်နဲ့ ဆရာနှစ်ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအရေအတွက်ကို ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ ဂူဂျာရက်ပြည်နယ် ဗာဒိုဒဒါရာရှိ ဟာနီရေကန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လူ ၂၇ ယောက်လိုက်ပါခဲ့ပြီး လက်ရှိမှာတော့ လူခုနှစ်ဦးကို ကယ်တင်ပြီး အနီးနားက ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်လှေပေါ်မှာ လိုက်ပါသူတွေဟာ အသက်ကယ်အင်္ကျီတွေဝတ်ဖို့ မရခဲ့ကြောင်း ဆိုပါတယ်။

သေဆုံးသူတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုအတွက် ဒေါ်လာ ၄၈၀၀ နဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုအတွက် ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးမယ်လို့ ဂူဂျာရက်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယမှာ ကူးတို့သင်္ဘောနဲ့ စက်လှေတွေ သွားလာမှုများပြာခြင်း၊ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတာနဲ့ ဘေးကင်းရေးအစီအမံတွေကို လိုက်နာမှုအားနည်းတာတွေကြောင့် မတော်မတဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ကီရာလာပြည်နယ်မှာ စက်လှေတိမ်းမှောက်ပြီး လူ ၂၂ ယောက် သေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW