မိုးမိတ်ခရိုင် တခုလုံးနီးပါး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေ

ဇန်နဝါရီ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ကချင်ပြည်နယ် အစပ်က မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့နဲ့ မဘိမ်းမြို့တွေရဲ့ နေရာတော်တော်များကို မနေ့ ဇန်နဝါရီ ၂၁ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး အဲ့ဒီ နေရာတွေမှာ ဒီကနေ့အထိ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲလို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးမိတ်ဒေသခံ တယောက်က ” မိုးမိတ်မြို့ရဲ့ အရပ်ဘက် ရုံးဌာနတွေရှိတဲ့ နေရာတွေနဲ့ လူနေရပ်ကွက်တချို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ရဲစခန်းနဲ့ နစက တပ်တွေရှိတဲ့နေရာမှာတော့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေတုန်းပဲ ၊ နေအိမ် အဆောက်ဦးနဲ့ ဘာသာရေး အဆောက်ဦးတချို့ ပျက်စီးတယ် ၊ အိမ်စောင့်ကျန်ခဲ့တဲ့အရပ်သား တချို့လည်း ပျောက်ဆုံးနေတယ်လို့ ကြားရတယ် ၊ အဖမ်းခံရတာလား ၊ အသတ်ခံရတာလား ဘာကြောင့် ပျောက်ဆုံးနေတာလည်း အခုထိ မသိရသေးဘူး ၊ အဲ့ဒီလို ပျောက်နေတဲ့သူ ၄၀ လောက်ရှိတယ် ” လို့ ပြောပါတယ်။

မဘိမ်းမြို့ခံ တယောက် ပြောတာက ” မဘိမ်းမြို့ထဲကို ဇန်နဝါရီ ၂၀ ရက် ၊ ညပိုင်းကစလို့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တယ် ၊ ရဲစခန်း ဝန်းကျင်မှာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုတွေမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတယောက် ထိခိုက် ဒဏ်ရာရတယ် ၊ မနေ့က မနက်မှာတော့ အဲ့ဒီ ဒဏ်ရာရထားတဲ့ မြို့နယ်ရဲမှူး သေဆုံးတယ်လို့ ကြားရတယ် ၊ မဘိမ်းမြို့ပေါ်က ဌာနဆိုင်ရာနေရာတွေနဲ့ လူနေရပ်ကွက် တွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ် ၊ မနေ့ကတော့ ဝိုင်းလုံ၊ ကုန်းမခံနဲ့ နတ်ပုံးပုံး ရွာတွေမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ် ၊ အရပ်သား တချို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်ကတော့ မသိရသေးဘူး ၊ မဘိမ်းမြို့နယ်မှာ ငါးအိုတိုက်နယ်က လွဲရင် နေရာအများစု ထိန်းချုပ်ခံထားရတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မိုးမိတ်ခရိုင်ဟာ ကျေးရွာပေါင်း ၅၀၇ ရွာရှိတဲ့အနက် မြို့ပေါ် လူနေရပ်ကွက်တွေ အပါအဝင် ရွာပေါင်း ၅၀၀ နီးပါးကို လက်ရှိအချိန်ထိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် မိုးမိတ်ခရိုင်ရဲ့ ၉၅ ရာခိုင်နူန်းကျော်ဟာ နစက အနေနဲ့ လက်လွတ်ထားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ အပြောရ သိရပါတယ်။

ဒါ့အပြင် မိုးမိတ်ခရိုင်ဟာ ရှမ်းပြည်ယ် အနောက်မြောက်ဘက်မှာ တည်ရှိပြီး နယ်နိမိတ်အားဖြင့် မြောက်ဘက်မှ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့နဲ့ ထိစပ်​နေပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW