ရခိုင်စစ်ရှောင် သုံးသိန်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

 

ဇန်နဝါရီ ၂၂ – ၂၀၂၄

SN (VOM)

လက်ရှိ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ နှစ်လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လူပေါင်း သိန်းနဲ့ချီ စစ်ဘေးရှောင်နေကြရကာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေနဲ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေကပါမကျန် ပြည်သူ သုံးသိန်းကျော်ဝန်းကျင် စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး စားဝတ်နေရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“အခုက ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ကုန်စည်စီးဆင်းမှုတွေကိုလည်း ပိတ်ထားခံရတာဆိုတော့ ရိက္ခာက ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းလည်းမရှိဘူး။ ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ကလည်း အစစအရာရာ ကုန်ဈေးနှုန်းတွေက ကြီးနေတာဆိုတော့ ရေရှည် အဆင်ပြေအောင် မနည်း ခြိုးခြံချွေတာပြီး စားသောက်နေထိုင်ကြရတာပေါ့။ အခုက ရာသီဥတုကလည်း အရမ်းအေးလာပြီ၊ အမိုးအကာ မလုံလောက်တဲ့ နေရာမှာဆိုတော့ ကျန်းမာရေး အခက်အခဲဖြစ်ရင်တောင် လုံလောက်တဲ့ ဆေးဝါးမရှိဘူး။ ဝယ်လို့လည်း မရဘူး။ နေမကောင်းလို့ ဆေးရုံ၊ ဆေးခန်းသွားဖို့ဆိုတာကလည်း စစ်ဆေးရေးဂိတ်တွေ တခုပြီးတခု ဖြတ်ဖို့က သူတို့လိုချင်တဲ့ အထောက်အထားတွေရှိမှ၊ တော်ရုံဆို အဆင်မပြေဘူး” လို့ မင်းပြားဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်းလမ်း ရေလမ်း အားလုံးကို ပိတ်ထားတဲ့အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီထောက်ပံ့ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးလာနေလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်‌နေသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာတွေကြောင့် ဘဏ်လုပ်ငန်းတွေ၊ မိုင်းဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကူညီကယ်ရေးအဖွဲ့တွေအနေနဲ့ ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“အကူအညီတွေ ပေးနိုင်ဖို့ဆိုတာမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ UN-INGO လို ပြင်ပ အဖွဲ့အစည်းတွေ မပြောနဲ့၊ ဒေသတွင်း ပရဟိတအဖွဲ့တွေတောင်မှ တနေရာနဲ့တနေရာ သွားဖို့ဆိုတာ မလွယ်ဘူး၊ ခွင့်ပြုချက် မရဘူး။ ဒီကြားထဲ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်း မရတော့ တနေရာရဲ့အခက်အခဲကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ဆိုတာလည်း တော်တော့ကို မလွယ်တဲ့ကိစ္စ ဖြစ်နေတယ်” လို့ လူမှုကူညီရေးအသင်းတသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ အစရှိတဲ့ မြို့နယ်တွေမှာ စစ်ရှောင်အရေအတွက် သိန်းနဲ့ချီရှိနေပြီး ရခိုင် (မြောက်ပိုင်း) မှာ စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ ဒေသတွင်း နေရပ်စွန့်ခွာသူတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာကြောင့် အရေအတွက်ကို အတိအကျ ခန့်မှန်းဖို့ မလွယ်ကူနိုင်သလို မြို့တွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo:Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW