ပဲခူး ဇရပ်ကြီးတိုက်ပွဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ် နှစ်ဖက်လုံးအကျဆုံးရှိသလို ​အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့

 

ရန်ကုန်၊ဖေဖော်ဝါရီ ၈-၂၀၂၄

GG (VOM)

ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့မှာရှိ နစကလုံခြုံရေးတပ်တွေနဲ့ KNLA ၊ PDF တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ နှစ်ဖက်အကျဆုံးရှိခဲ့သလို အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ရက်နေ့ မနက် ၃ နာရီလောက်မှာ KNLA ၊PDF ပူးပေါင်းတပ်တွေက ဇရပ်ကြီးမှာရှိတဲ့ နစကရဲ့နယ်မြေခံတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တပ်မတော်ဘက်က လေကြောင်းပစ်ကူမှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ ဒေသခံပြည်သူတွေ အများအပြားရှိခဲ့သလို နေအိမ်အပျက်အစီး တွေ၊ နေအိမ်မီးလောင်တာတွေရှိခဲ့တယ်လို့ ဒေသခံကပြောပြပါတယ်။

” မနေ့က မနက်အစောကြီးထဲကစဖြစ်နေတာတနေကုန်ပဲ။ ပြေးသူကပြေးကြတယ်။ မြို့ထဲ စျေးနားမီးလောင်တဲ့အိမ်တွေရှိတယ်။လက်နက်ကြီးကျလို့ သေဆုံးသူတွေလည်းရှိတယ်။အိမ်တွေ ထိခိုက်တာလည်းရှိတယ်။တချို့အများအပြားထွက်ရသူတွေကတော့ တောင်ငူကိုပြေးကြတယ်။ပရဟိတကားတွေလည်းလာခေါ်ကြတယ်။မနေ့ကညကတည်းကတော့အ​ခြေအနေကငြိမ်သွားတယ်၊ ခုမနက်လည်းငြိမ်နေဆဲပဲ ” လို့ ပြောပါတယ် ။

ကနဦးသိရှိရတဲ့အချက်အလက်တွေအရတော့ ဇရပ်ကြီးမြို့တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ လေးဦးထက်မနည်းသေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

အလားတူ ဇရပ်ကြီးမြို့တိုက်ပွဲနဲ့ပတ်သက်ပြီး နစကဘက်ကလည်း မနေ့က ညနေပိုင်းမှာပဲ စစ်တပ်က ဇရပ်ကြီးမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ နယ်မြေခံတပ်ရင်းနဲ့ပေါင်းပြီး လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း၊ လက်ရှိမှာ နယ်မြေအတွင်း လုံခြုံရေးအရ စစ်ဆေး မှုတွေဆက်လက်ဆောင်ရွက်နေသလို KNKA ၊PDF တွေကို ဆက်လက်တိုက်ခိုက်ရှင်းလင်းဖို့လုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်ကလည်း အကျအဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိသလို KNLA ၊PDF တွေဘက်ကလည်း သေဆုံးသူတွေနဲ့အတူ လက်နက်တွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိဇရပ်ကြီးမြို့မှာ တိုက်ပွဲတွေငြိမ်သက်သွားပြီဆိုပေမယ့် ဒေသခံပြည်သူတွေကတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမည်ကို စိုးရိမ်တဲ့အတွက် ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာလည်း တောင်ငူကို စစ်ဘေးရှောင်ကြမယ့်ပြည်သူအများအပြားရှိနေပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW