ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်အတွက် ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူရမယ်

 

ဖေဖော်ဝါရီ ၁၂ – ၂၀၂၄

SN (VOM)

ဖေဖော်ဝါရီ ၁၅ နေ့မှစတင်ပြီး ကျောက်ဖြူမှ ရန်ကုန်မြို့ကို လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ်အတွက် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၁၀ နာရီခွဲအချိန်က ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထောက်ခံစာ ရယူပြီးမှသာ ခရီးသွားခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ခရီးသွားမယ့်ရက် မတိုင်မီ လေကြောင်းလိုင်းနဲ့ စီးနင်းခွင့်

လက်မှတ်ကို ကျောက်ဖြူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးကို သွားရောက် တင်ပြတောင်းခံရမှာ

ဖြစ်ပါတယ်။ အဲ့ဒီ့ရုံးက ခွင့်မပြုတဲ့ ခရီးသည်တွေကိုတော့ လေကြောင်းလိုင်းခရီးစဉ်နဲ့ လိုက်ပါခွင့် မပြုဘူးဆိုပြီး ညွှန်ကြားထားတာပါ” လို့ အဲ့ဒီ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူရာမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ရယူရမှာဖြစ်ပြီး E-ticket နဲ့ ဝယ်ယူရာမှာ ထောက်ခံစာကို လေဆိပ်ကို ယူဆောင်လာရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူ-ရန်ကုန် လေယာဥ်လက်မှတ်ခမှာ နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်က ၆၇၀၀၀ ကျပ်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကျပ် တသိန်း ခုနစ်သောင်းအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစပြီးတော့လည်း ဈေးတွေ ဆက်တိုက် မြင့်တက်ခဲ့တာမှာ ခုရက်ပိုင်းမှာ ကျပ် ၁၂ သိန်းအထိ စံချိန်တင် ဈေးတက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်တွေ အကုန်ရောင်းလိုက်ရလို့ ဧပြီလအတွက်သာဝယ်ယူနိုင်တော့မယ်လို့ လေယာဉ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။

“ဟုတ်ပါတယ်။ အခုက အကုန် ရောင်းကုန်သွားတာပါ။ အခုနောက်ပိုင်း စစ်တွေကနေ ရန်ကုန်သွားကြတဲ့သူတွေ အရမ်းများတယ်။ လာမယ့် လေးလပိုင်းလောက်မှပဲ လက်မှတ်အရောင်း ရှိတော့မယ်” လို့ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်တွေ – ရန်ကုန် လေကြောင်းမှာ ပုံမှန်အားဖြင့် မြန်မာ့လေကြောင်း၊ မန်းရတနာပုံနဲ့ Air KBZ တို့ရှိပြီး တရက်ကို ခြောက်ကြိမ်ဝန်းကျင် ပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာချိန်မှစတင်ကာ လက်ရှိအချိန်ထိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ထားတာဖြစ်ပြီး လေကြောင်းလမ်းတခုတည်းသာ ကျန်ရှိနေတာဖြစ်ပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW