မင်းကင်းနဲ့ ကနီ ကြားမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံတွေ နေရပ်စွန့်ခွာ

ဖေဖော်ဝါရီ ၊၁၈ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း အလယ်ပိုင်း ကလေးခရိုင် ၊ မင်းကင်းမြို့နယ်နဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ်ကြားက ရွာတွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံရွာသားတွေအနေနဲ့ ရာသီပေါ် ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တော့ပဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းကင်းမြို့ခံ တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မင်းကင်း ဒေသခံတယောက် က
” မင်းကင်းမြို့နယ် တောင်ဘက်ခြမ်း ကနီမြို့နယ်နဲ့ကြား ၊ ချင်းတွင်းမြစ်ကြောင်းရဲ့အနောက်ဘက်ကမ်း ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ မနေ့က ကျွန်းတောနဲ့ ဝက်ကျခင်တောတွေဘက်မှာ လေကြောင်းနဲ့ပါ တိုက်ခိုက်ခံရတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မင်းကင်းမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲလုပ်ဖို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက စုဖွဲ့ ပြင်ဆင်နေတုန်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာ ၊ အဲ့ဒါကြောင့် ပွင့်လျှက် ၊ အောက်စသာ ၊ အထက်စသာ ၊ ပသေး ၊ပန်းထုံး ၊ စတဲ့ တောတွေဘက်က ယာခင်းတောတွေမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းမယ့် တောင်သူတွေဖို့ ရိတ်သိမ်းနိုင်ချင်းမရှိပဲ ထွက်ပြေးလာရတယ် ၊ အဲ့ဒီအပြင် မင်းကင်းနဲ့ ကနီကြားက ရွာတွေက ဒေသခံတွေလည်း နေရပ်စွန့် ထွက်ပြေးနေရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မင်းကင်းမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းက
” မင်းကင်းမြို့ပေါ် မှာ မြို့ပြလူနေရပ်ကွက် သုံးခုရှိတယ် ၊ မြို့နေလူဦးရေက ၂၀၁၄ လူဦးရေးစာရင်းအရ ၃၄၅၁ ယောက်ပဲရှိတယ် ၊ လက်ရှိ မြို့ပေါ်နေ လူဦးရေးက ခန့်မှန်း တထောင်ထက်မကျော်ဘူး ၊ ပြီးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း မင်းကင်းမြို့ကို စွန့်ခွာ ထွက်သွားသူ နှစ်ထောင်ကျော်လောက်ရှိတယ် ၊ နောက်ပြီး မင်ကင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၆၁ အုပ်စုရှိပြီး ကျေးရွာပေါင် ၁၈၉ ရွာရှိတယ် ၊ အဲ့ဒီထဲက ကျေးရွာပေါင်း တရာကျော်လောက် မီးရှို့ဖျက်ဆီးခံရလို့ အိမ်ခြေ ၊ အဆောက်ဦးပေါင်း သုံးထောင်နီးပါး ပျက်စီးတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်း ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ မှာ မင်းကင်းမြို့နယ်ထဲက မောက်တက်ရွာမှာ အိမ်ခြေ တရာကျော်နဲ့ မုတ်သာရွာက အိမ်ခြေ ၈၀ ကျော် ၊ ဘင် ၊ သင်တော ၊ အုန္နဲပုတ် သုံးရွာမှာက အိမ်ခြေ နှစ်ရာကျော် ၊ မင်းကင်း တောင်တွင်းချောင် ဒေသက ကျောက်မော်ရွာနဲ့ ကုန်းမော်ရွာ ၊ ခင်ဦး ၊ မြင်ဦး ၊ တိမ်း ၊ သာစည် ၊ ချုံပလက် ၊ မြို့မ ၊ ကျော်ရွာ စတဲ့ ရွာပေါင်း ၃၀ ကျော်မှာလည်း မီးရှို့ခံ ဖျက်ဆီးခံရတာတွေရှိတယ် ၊ အဲ့ဒီ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေမှာ အရပ်သားတချို့ အသတ်ခံရလို့ သေဆုံးတာ လူ ပေါင်း ၈၀ ကျော်ရှိတယ် လို့ သိရပါတယ်။

ဒါ့အပြင် မင်းကင်းမြို့နယ်ဟာ ကနီနယ် ၊ကလေးဝနယ် ၊ တန့်ဆည်နယ် ၊ ရေဦးနယ် ၊ ဒီပဲယင်းနယ် ၊ ဘုတလင်နယ် စတဲ့ မြို့နယ်တွေနဲ့ ထိစပ်ပြီး မင်းကင်းမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းမှာ ပုံတောင် ပုံညာ တောင်တန်းနဲ့ ထိစပ်နေတဲ့အပြင် ကလေးမြို့နယ်နဲ့ နယ်စည်းခြားထားတဲ့ နွားတောင်တန်းရှိပြီး မင်းကင်းနယ်ဟာ တောတောင်တွေ ထူထပ်တဲ့အတွက် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ အများအပြား ခိုလှုံနေထိုင်ကြတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW