သုံးနှစ်အတွင်း ဘဏ်နဲ့ ရွှေဆိုင် လုယက်ခံရမှု ၈၂ ခုအထိ ရှိခဲ့

 

ဖေဖော်ဝါရီ ၂၁ – ၂၀၂၄

SN (VOM)

ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဘဏ်နဲ့ ရွှေဆိုင်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှု၊ ဓားပြမှုတွေ သိသိသာသာ ဖြစ်ပွားခဲ့တာမှာ လုယက်ခံရမှု စုစုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း လုယက်ခံရမှုတွေမှာ ဘဏ်အဆောက်အဦးအတွင်း ဝင်ရောက် လုယက်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၂၅ ခုနဲ့ ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်မှုဖြစ်စဉ် စုစုပေါင်း ၅၇ ခု ရှိခဲ့တယ်လို့ သိရပါတယ်။

“ကုန်ဈေးနှုန်းတွေက တက်၊ စီးပွားရေးတွေက ကျနဲ့ လူတွေကလည်း အကုန် ကျဉ်းထဲကျပ်ထဲ ရောက်နေကြတယ်။ တံခါးပိတ်ထားတာတောင် မလုံခြုံတဲ့ခေတ် ဖြစ်နေပြီ။ တခြား ခိုးဆိုးလုယက် မပြောနဲ့၊ ဘဏ်တွေ၊ ရွှေဆိုင်တွေ ဓားပြတိုက်၊ လုယက်တယ် ဆိုတာတွေတောင် နေ့ခင်းကြောင်တောင်မှာကို အဖွဲ့လိုက် လူမြင်ကွင်းမှာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတာဆိုတော့ ကျန်တာတော့ပြောမနေနဲ့တော့။ လုံခြုံရေးအခြေအနေက အဆိုးဆုံးမှာ ရောက်နေပြီ” လို့ မြောက်ဒဂုံမြို့နယ်က ပြည်သူတယောက်က ပြောပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံထဲ ဘဏ်လုယက်မှုဖြစ်စဉ်တွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပြီး အဲ့ဒီနောက် တဖြေးဖြေး လျော့နည်းလာခဲ့ကာ ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ မေလကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လတိုင်း အနည်းဆုံး တကြိမ် ရွှေဆိုင်လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေရာတွေကိုကြည့်ရင် မန္တလေးမြို့မှာ ရွှေဆိုင်လုယက်မှု ၁၂ ခုနဲ့ အများဆုံး၊ ရန်ကုန်မှာ ခြောက်ခုနဲ့ ဒုတိယအများဆုံး၊ ဖားကန့်မှာ သုံးခုနဲ့ တတိယအများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ မြောက်ပိုင်း) က မြို့တွေမှာလည်း ရွှေဆိုင်လုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တရားဥပဒေ စိုးမိုးမှု အရမ်း အားနည်းနေတဲ့အချိန်ဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်လုံခြုံရေး၊ ကိုယ့်ပတ်ဝန်းကျင် လုံခြုံရေး၊ ကိုယ့်အိမ်၊ ကိုယ့်ဆိုင် လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ဂရုစိုက်ရမယ့်အချိန်ပါ။ ဒီအချိန်မှာ အန္တရာယ်ဆိုတာ အချိန်မရွေး ရုတ်တရက် ရောက်လာနိုင်တာမျိုး ဆိုတော့ ဘာပဲဖြစ်ဖြစ် အသိ၊ သတိနဲ့ နေနိုင်ရင် အကောင်းဆုံးပါ” လို့ ဥပဒေပညာရှင်တယောက်က ပြောပါတယ်။

ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ အချိန်တွေကိုကြည့်ရင် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ၁၁ ခု၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ကိုးခု၊ မနက် ၉ နာရီဝန်းကျင်၊ ၁၀ နာရီဝန်းကျင်နဲ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေက ခြောက်ခုစီ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အရေအတွက်ကိုကြည့်ရင် လူ ငါးဦးနဲ့အထက် ကျူးလွန်တဲ့ ဖြစ်စဉ်က ၁၅ ခု၊ လူ လေးဦး ပါဝင်တဲ့ ဖြစ်စဉ်အရေအတွက်က ၁၅ ခုရှိပြီး လူ နှစ်ဦးပါဝင်တဲ့ ဖြစ်စဉ်က ၁၂ ခု၊ တယောက်တည်း ကျူးလွန်တဲ့ဖြစ်စဉ်က ကိုးခု ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေထဲမှာ ကျူးလွန်မှု အထမြောက်တဲ့ဖြစ်စဉ် အခု ၅၀ ရှိခဲ့ပြီး ကြိုးပမ်းတဲ့ဖြစ်စဉ်ကတော့ ခုနစ်ခု ရှိခဲ့ကာ အခင်းဖြစ်ပွားစဉ် ထိခိုက်မှုအနေနဲ့ ရွှေဆိုင်ဝန်ထမ်းနဲ့ ပိုင်ရှင်ဘက်က နှစ်ယောက် သေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်တခုချင်းစီအလိုက် ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ဖို့ အခုထက် ခိုင်မာတဲ့ သတင်းရင်းမြစ်တွေလိုအပ်ပါတယ်။ ဒါပေမယ့် ဖြစ်စဉ်အလိုက် မီဒီယာတခုချင်းစီမှာဖော်ပြတဲ့ အနိမ့်ဆုံး ဆုံးရှုံးမှုပမာဏကို အခြေခံပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့ရက်က ရွှေတကျပ်သားပေါက်ဈေးနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ရွှေဆိုင်လုယက်မှုတွေကြောင့် (ရွှေနဲ့ ငွေသားအပါဝင်) ခန့်မှန်းခြေ ကျပ်သန်း တသောင်းခွဲလောက် ဆုံးရှုံးနိုင်ပါတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာကြောင့် ရွှေနဲ့ငွေသား ပြန်လည်သိမ်းဆည်းနိုင်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ဖြစ်စဉ်တခုချင်းစီအလိုက် ဖမ်းဆီးအရေးယူမှု အခြေအနေကိုတော့ Data for Myanmar အနေနဲ့လက်လှမ်းမီခြင်းမရှိပါဘူး။ ယေဘုယျအားဖြင့် ရဲတပ်ဖွဲ့အနေနဲ့ ဘဏ်လုယက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ ပိုမို လုပ်ဆောင်လေ့ရှိပြီး ရွှေဆိုင် လုယက်မှုတွေမှာတော့ ဖြစ်စဉ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်လောက်သာ ဖမ်းဆီး အရေးယူနိုင်တာ တွေ့ရတယ်” လို့ Data for Myanmar မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခုကာလဟာ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးကျဆင်းမှုနဲ့ စားဝတ်နေရေး အကျပ်အတည်းရဲ့ နောက်ဆက်တွဲအဖြစ် မြို့ပြနဲ့ ကျေးရွာတွေပါမကျန် ခိုး၊ ဆိုး၊ လုယက်မှုတွေ တိုးပွားလာပြီး လုံခြုံမှု ကင်းမဲ့လာနေတာ ဖြစ်ပါတယ်။

ဥပဒေပြဌာန်းချက်မှာ ခိုးဆိုးလုယက်မှုတွေကတဆင့် အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာမှုတွေကို ကိုယ်တိုင်ကာကွယ်ခွင့်ရှိသလို၊ ကူညီခွင့်လည်းရှိတယ်လို့ သတ်မှတ်ပေးထားပေမယ့် ကူညီသူတွေအပေါ် ပြန်လည်တုံ့ပြန် အန္တရာယ်ပြုတာမျိုးတွေလည်း ရှိနေတာကြောင့် နေ့စဥ်လူနေမှုဘဝမှာ ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်မျိုး ဖြစ်လာရေး မဖြစ်မနေ လိုအပ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW