ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်း ၊ မဟာမြိုင်ကားလမ်းဘေးမှာရှိတဲ့ ကံထူးမကျေးရွာ ၊ ကံထူးမရဲစခန်းမှာ ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကံထူးမကျေးရွာကနေ တိုက်ပွဲရှောင် ထွက်ပြေးတိမ်းရှောင်လာသူ တယောက်က ” ကံထူးမရဲစခန်းကို PDF တွေက တိုက်မယ်ဆိုတာ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး ရွာထဲမှာ သတင်းတွေပျန့်နှံနေတယ် ၊ အဲ့ဒါကြောင့် မနေ့ကပဲ ရွာကလူတွေ တိုက်ပွဲရှောင်ကြတယ် ၊ ဒီမနက် အစောပိုင်းကစပြီး တိုက်ပွဲဖြစ်တယ် ၊ ရဲတချို့လည်း ဒဏ်ရာရတယ် ၊ ဒဏ်ရာရ ရဲတွေက တန့်ဆည်ဘက်ကို ပြန်ခေါ်သွားပြီဖြစ်တယ် ၊ အခု နောက်ဆုံး ကြားကတာက ကံထူးမ ရဲစခန်းကို PDF တွေက မီးရှို့ဖျက်ဆီးလိုက်တယ် ” လို့ပြောပါတယ်။
မုံရွာ – ကလေးဝ ကားသမားတယောက်က ” မုံရွာ – ရေဦး – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းဘက်မှာ ဒီမနက် နေရာနှစ်ခုမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားရတယ် ၊ အဲ့ဒီ နေရာတွေကတော့ စိုင်ပြင် ရဲစခန်းနဲ့ ကံထူးမ ရဲစခန်း နေရာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် အဆင်းကားနဲ့ အတက်ကားတွေ အသွားအလာ မရှိဘူး ၊ ကားသမားတွေက အန္တရာယ်ကို ကြိုတင်ရှောင်ရှားတဲ့ သဘောပါ ၊ လမ်းပိတ်ထားတာတော့ မရှိပါဘူး ” လို့ ပြောပါတယ်။
မနေ့ မနက်ပိုင်းက မဟာမြိုင်တောထဲမှာရှိတဲ့ ဆင်အိုင်မကျေးရွာနားမှာ တိုက်ပွဲဖြစ်လို့ မဟာမြိုင်လမ်းမှာ ယာဥ်အသွားအလာတွေ မရှိသလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းနေရာတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်မတိုင်မီ တလအလို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၂ ရက် ၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကလည်း ဒေသတွင်း လက်နက်ကိုင် PDFအဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးပြီး ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း တန့်ဆည်မြို့ ၊ မြို့တောင်ဘက် အဝင် ဂိတ်နေရာမှာ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကားနဲ့အသွား ပစ်ခတ်ခံရပြီး ရဲ ခြောက်ယောက်သေဆုံးကာ ၊ သေနတ် ခုနှစ် လက်ပါသွားတာ ဖြစ်ခဲ့ပါသေးတယ်။