စစ်တွေမြို့မဈေးထဲ လက်နက်ကြီးကျလို့ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိ

 

ဖေဖော်ဝါရီ ၂၉ – ၂၀၂၄

SN (VOM)

ရခိုင်ပြည်နယ်က စစ်တွေမြို့မဈေးကြီးထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၉ ရက်၊ မနက် ၈ နာရီခွဲအချိန်ဝန်းကျင်က လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

လက်နက်ကြီးကျည်တလုံးဟာ မြို့မဈေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျဈေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်ရှိ ဦးမောင်မောင်သန်းပွဲရုံမှာ ကျရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မနက်ပိုင်း ဈေးချိန်ဆိုတော့ ဈေးမှာ လူတွေက အများကြီးပဲ။ ဒီအချိန်ကြီးမှာမှ လုပ်ရက်တယ်။ ဒီလို ဖြစ်ရတယ်လို့။ လက်နက်ကြီး ကျလာတာမြင်လို့ ပြေးကြပေမယ့် မလွတ်တာက များတယ်။ သေတဲ့သူတွေလည်း သေသလို ဒဏ်ရာ ရတဲ့သူတွေကလည်း အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး ဒဏ်ရာရရှိသူတွေကို လက်ရှိမှာ စစ်တွေပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရ အရေအတွက်က လက်ရှိစာရင်းတွေထက် များနိုင်တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ရှိတယ်။ အခြေအနေက အတိအကျ ပြောလို့ မရသေးဘူး” လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်ကစပြီး နစကတပ်တွေဟာ စစ်တွေမြို့မဈေးကြီးကို ဝိုင်းဝန်းပိတ်ဆို့ထားကာ မြို့အတွင်းက လမ်းတွေကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ နစကတပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်နယ်အတွင်းမှာ စစ်ရှောင်ဦးရေ မြင့်တက်လာနေပါတယ်။

Photo Crd :Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW