ဒါကာ၊ မတ်-၁-၂၀၂၄
မျိုးဆက်(VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ အထပ်မြင့်အဆောက်အအုံတခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူ ၄၃ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုဟာ ဖေဖော်ဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီမှာ စားသောက်ဆိုင်တဆိုင်ကနေ စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၇၅ ယောက်ကို ကယ်တင်နိုင်ခဲ့ကာ လူဒါဇင်များစွာကို ဆေးရုံပို့ဆောင်ထားရပါတယ်။
မီးလောင်မှုကို နှစ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၃၃ ယောက်ဟာ ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ် ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ကျန်သူတွေကတော့ အခြားဆေးရုံတရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ၂၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ ခုနှစ်ထပ်မြင့်တဲ့ အဆောက်အအုံမှာ စားသောက်ဆိုင်တွေအပြင် ဖုန်းဆိုင်တွေနဲ့ အဝတ်အစားဆိုင်တွေလည်းရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မီးလောင်မှုဟာ ဓါတ်ငွေ့ယိုစိမ့်တာ သို့မဟုတ် စားသောက်ဆိုင် မီဖိုကနေ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနအကြီးအကဲက သုံးသပ်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters
