စစ်ကိုင်းတိုင်းက တိုက်ပွဲတွေကြားမှာ ပိတ်မိနေပြီးနောက် အခုထိ ဆက်သွယ်မရတဲ့ ဝန်ထမ်းပေါင်း သုံးရာဝန်းကျင်ရှိနေ

မတ် ၊ ၃ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၀ ကျော်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့တဲ့ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အခုထိ ဆက်သွယ်မရပဲ ပျောက်ဆုံးနေတဲ့ ဝန်ထမ်းပေါင်း သုံးရာ ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းတိုင်း ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဝန်ထမ်းတယောက်က ” မနေ့ ( မတ် ၂ ရက်)က တနေ့ရက်တည်းမှာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နဲ့ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတချို့နဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ် ၊ ကနီမြို့မှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရတယ် ၊ အဲ့ဒီအပြင် ပင်လည်ဘူးမြို့မှာလည်း ပညာရေးနဲ့ စိုက်ပျိုးရေး အပါအဝင် ၊ ဝန်ထမ်း ၂၀ ကျော် ဖမ်းဆီးခံရတယ် ၊ ပင်လည်ဘူးမှာ ဖမ်းဆီးခံရတဲ့ ၂၀ ကျော်ထဲက ၁၂ ယောက်ကို ပြန်လွတ်ပေးလိုက်တယ် ၊ ဖမ်းခံထားရတဲ့သူတွေဆီ အခုထိ အဆက်အသွယ် မရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ၊ မနက် ၇ နာရီဝန်းကျင်က စစ်ကိုင်း တိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ ၊ ကလေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ၊ ဆရာမ ပညာရေးဝန်းထမ်းတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

အဲ့ဒီ ကလေးတက္ကသိုလ်မှာက ဖမ်းဆီးခံရသူ လေးရာဝန်းကျင်ရှိပြီး ၊ အဲ့ဒီထဲက ၂၈၅ ယောက်ကို နစက လုံခြုံရေး တပ်ဖွဲ့တွေက အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပေမယ့် လူတရာကျော် ဖမ်းဆီးပါသွားတယ်လို့ သိရပါတယ်၊ ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးလာတဲ့ လူတရာကျော်ထဲက ၁၂ ယောက်ကိုတော့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ပြန်လွတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်က ကလေးဝမြို့နယ် ၊ တုန်နန်းကျေးရွာအုပ်စု ၊ မန်လုံကျေးရွာမှာရှိတဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းက ကျောင်းကော်မတီဝင်တွေ အပါအဝင် ဆရာ ဆရာမ အယောက် ၃၀ ကျော်ကို ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်း နိုဝင်ဘာ ၇ ရက်က စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တိုက်ခိုက် ထိန်းချုပ်ထားတဲ့ တိုက်ပွဲဖြစ်မှာ ကောလင်းမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့နဲ့ ရဲမိသားစုဝင်တွေအပြင် ဌာနဆိုင်ရာ ဝန်ထမ်း ၄၀ ကျော်ဟာ တိုက်ပွဲအတွင်း ပိတ်မိနေပြီးနောက် အခုထိ ဆက်သွယ် မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ပဋိပက္ခတွေကြားမှာ ပိတ်မိပြီး အဖမ်းခံလိုက်ရတဲ့ ဆက်သွယ်မရတော့တဲ့ ဝန်ထမ်းတွေရှိတယ် ၊ မှတ်မိသလောက် ပြောရရင် ၊ ဗန်းမောက်မြို့နယ်မှာ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ဒုရဲမှုး တယောက် အပါအဝင် သစ်တောရေးရာနဲ့ သတ္တုနဲ့ သယံဇာတ မြို့နယ်အဆင့် ဝန်ထမ်းတွေရဲ့ ကားကို KIA – PDF တွေက လူတွေရော ကားပါ ထိန်းသိမ်းလိုက်တာရှိဖူးတယ် ၊ အဲ့ဒီနောက် အင်းတော်မြို့နယ် ထွေ/ အုပ် ဦးစီးနဲ့ အဖွဲ့ မုံရွာကို ကိုဗစ်ဆေးလာရောက်ထုတ်ယူရင်း လမ်းမှာ ကားရော လူတွေပါ ဖမ်းဆီးခံရတာ အခုထိ ဆက်သွယ်မရတော့ဘူး ၊ အဲ့ဒီ အပြင် မုံရွာမြို့နယ် ၊ သာစည် နဲ့ မုံရွာကြားလမ်းမှာ အကျဥ်းထောင်သစ် စီမံကိန်းက ထောင်ဝန်ထမ်း တချို့ PDF တွေ ဖမ်းထားတာရှိတယ် ၊ ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်းထဲက ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အများစု ဖမ်းခံရတယ် ၊ လက်ရှိ အခြေအနေရဆိုရင် စစ်ကိုင်းတိုင်းက တိုက်ပွဲတွေကြားမှာ ပိတ်မိပြီး ဖမ်းဆီးခံရတဲ့ အရေးအတွက် သုံးရာဝန်းကျင်လောက်ရှိမယ် ” လို့ စစ်ကိုင်းတိုင်း ဝန်ထမ်းရေးရာလေ့လာနေသူတယောက်က ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW