နစကဘက်က ကန့်ကွက်ပေမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းပါလီမန်မှာ ကျင်းပနေ

 

ဘန်ကောက်၊ မတ်-၃-၂၀၂၄

မျိုးဆက်(VOM)

ထိုင်းပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးမှုကို နစကဘက်က ကန့်ကွက်ထားပေမယ့် မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းပါလီမန်မှာ မနေ့ကမတ် ၂ ရက်က စပြီး နှစ်ရက်ကြာ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ သက်ဆိုင်သူတွေအားလုံး အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေတခုအတွက် လမ်းခင်းပေးမှာပါလို့ ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ရန်ဆီမန်ရိုမီက ပြောပါတယ်။

ဆွေးနွေးပွဲမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ပေမယ့်လည်း နစက ဘက်က ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပါဘူး။

ထိုင်းပါလီမန်မှာ ဆွေးနွေးမှုဟာ ထိုင်း-မြန်မာ ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖန်တီးတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နစကဘက်က ကန့်ကွက်ထားပြီး ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ်ကိုမဆို မလုပ်ရေးအတွက် ပါလီမန်ကို တားဆီးပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက စာပေးပို့ ထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘဟီဒါနူကာရာ အဓိကမိန့်ခွန်းတရပ်ပြောဖို့ ကနဦးက စီစဉ်ထားပေမယ့် ပြောခါနီနောက်ဆုံးမိနစ်အလိုမှာ အကြောင်းပြချက်မရှိ ဖျက်သိမ်းခဲ့ပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နစက ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ပြန်လည်ဖြေကြားခြင်းမရှိသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Ref: Straits Times

Photo: AP

 

Related posts

Leave a Comment

VOM News

FREE
VIEW