မတ် ၊ ၃ ၊ ၂၀၂၄
SP (VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးကျေးရွာအုပ်စု ၊ တာမခန်မြို့သစ် ကျေးရွာမှာရှိတဲ့ လူနေရပ်ကွက် တချို့က နေအိမ်တွေကို ဒီကနေ့မနက်ပိုင်း ၈ နာရီခွဲ ဝန်းကျင်က စလို့ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တာမခန် ဒေသခံတယောက်က ” ဒီမနက်ပိုင်းက တာမခန်မြို့သစ်ကျေးရွာ ရပ်ကွက် ၁. ၊ ၃ နဲ့ ၄ ရပ်ကွက်တွေမှာ မီးစလောင်တယ် ၊ မီးက အခု နေ့လယ်ပိုင်းအချိန်ထိ မငြိမ်းသေးဘူး ၊ တာမခန်နယ်မှာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်စလို့ တိုက်ပွဲတွေဖြစ်တယ် ၊ ရွာခံအများစုက နီးစပ်နေရာတွေမှာ ယာယီ တိုက်ပွဲရှောင်နေတာမို့ ရွာမှာက လူမရှိသလောက်ဖြစ်နေတယ် ၊ မီးစလောင်တာက ရှို့မီးလို့ ကနဦး သိရပြီး ဘယ်အဖွဲ့စည်းက ရှို့တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ မီးလောင်မှု အခြေအနေကတော့ ရွာတဝက်လောက်လောင်နေဆဲ ” လို့ ပြောပါတယ်။
မိုးညှင်းခရိုင် မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက်ကစလို့ တာမခန်ဘက်မှာ မီးလောင်နေတယ်လို့ ကြားရတယ် ၊ အခုချိန်ထိ လောင်လက်စဖြစ်နေတာကြောင့် ပျက်စီးဆုံးရှုံးအရေအတွက် မသိရသေးဘူး ” လို့ ပြောပါတယ်။
ဖားကန့်နယ်နဲ့ တာမခန်ဘက်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းစလို့ ဒီကနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး တာမခန်ဒေသခံ အများစုက ဘေးလွတ်ရာကို ယာယီတိုက်ပွဲရှောင်နေကြတဲ့အချိန် အခုလို ရွာမီးရှို့ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ဖားကန့်ဒေသ ဆယ်ဇင်ရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးခံရဖူးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံတဦး