အုတ်ဖိုမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ မနေ့က တရက်တည်းမှာတင် ရဲတယောက်အပါအဝင် လူလေးယောက် သေဆုံး

မတ် ၊ ၄ ၊ ၂၀၂၄
SP (VOM)
ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာအုပ်စုနဲ့ ဂုံညှင်းတန်းကျေးရွာတွေမှာ မနေ့ မတ် ၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတယောက်အပါအဝင် လူလေးယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပဲခူးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” အုတ်ဖိုမြို့နယ်မှာ ပစ်ခတ်မှုဖြစ်စဥ် နှစ်ခုဆက်တိုက်ဖြစ်တယ် ၊ ပထမ ဖြစ်စဥ်က အုတ်ဖိုမြို့နယ် ၊ ဂုံညှင်းတန်းကျေးရွာ ၊ ပြည် – ရန်ကုန် ကားလမ်းဘေးက ၉၆၉ လက်ဘက်ရည်ဆိုင်နားမှာ ပစ်ခံကတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် (အခြားအဆင့်) တယောက်နဲ့ အရပ်သား တယောက် ထိခိုက်သေဆုံးတယ် ၊ နောက်ဖြစ်စဥ်တခုက ညနေ ၃ နာရီခွဲလောက်မှာ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်အောင်နဲ့ သူ့မိန်းမ နှစ်ယောက်စလုံး နေအိမ်ထဲမှာရှိနေတဲ့အချိန် အမည်မသိ (စုံစမ်းဆဲ) လူခြောက်ယောက်ာပြီး ပစ်သတ်တယ် ၊ အဲ့ဒါကြောင့် မနေ့က တရက်တည်း အုတ်ဖိုမြို့နယ်မှာ လူလေးယောက်ပစ်သတ်ခံရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ် နှစ်ခုစလုံးက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရဖို့ အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်စဥ်တွေ ဖြစ်ပွားပြီးနောက် ၊ သာယာဝတီ ခရိုင်ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က သာယာဝတီခရိုင် သစ်တောရေးရာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်အုပ်ကြီး ဦးကျော်ဆန်းဝင်း၊ ချောင်းခေါင်း ဦးကျော်စွာဝင်း၊ ဆင်ဆေးကုဆရာဝန် ဦးဇော်ဝင်း၊ လက်ထောက်ဆင်ဆေးကု ဦးသက်နိုင်ထွန်းနဲ့ ဆင်ခေါင်း ဦးခင်ရင်တို့ ငါးယောက်ဟာ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကုန်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေက စိုက်ခင်းတွေကို ဆင်တွေက ဝင်ရောက်ဖျက်ဆီးတာကြောင့် အဲ့ဒီဆင်တွေကို လိုက်ဖမ်းထိန်းသိမ်းဖို့သွားရင်း ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အထက်မှာရှိတဲ့ (ဒေသအခေါ်) တောင်နှစ်လုံးပေါက်နေရာဝန်းကျင်မှာ အဲ့ဒီ သစ်တောရေးရာဝန်ထမ်း ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ၂၈ ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ် ၊ မှော်အင်းကျေးရွာအုပ်စု၊ သဲကောဆည်အစွန်ရှိ ၊ ဘိုင်ဘင်ချောင်းဖျားမှာ သုံးလောင်းပြိုင် လူသတ်မှုတခုဖြစ်ပွားခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW