စစ်ကိုင်းတိုင်းမှာ မနေ့က တရက်တည်း ပစ်သတ်ဖမ်းဆီးခံရလို့ သေဆုံးသူ ဆယ်ယောက်ကျော်ရှိ

 

မတ် ၊ ၁၃ ၊ ၂၀၂၄

SP ( VOM)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်နဲ့ ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်တွေမှာ မနေ့ မတ် ၁၂ ရက်က တရက်တည်းမှာ နစက လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသူတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကနီမြို့ခံတယောက်က ” ကနီမြို့ပေါ်မှာ မတ် ၂ ရက်ကစလို့ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ် ၊ ကနီမြို့ပေါ်က ရပ်ကွက် သုံးခုရှိတယ် ၊ မနေ့က အဲ့ဒီ ရပ်ကွက်တွေထဲ နစက လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ ပစ်ခတ်မှုတွေဖြစ်ပြီး အသေဖမ်းမိတာတွေရှိတယ် ၊ အရေအတွက်တော့ အတိအကျ မသိရသေးဘူး ၊ ကနဦးသိရတာက အနည်ဆုံး ခုနှစ်ယောက်ကျော်တယ် ” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့ခံတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က မြို့ပေါ်မှာ နစက လုံခြုံရေး အဖွဲ့နဲ့ KIA – PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်တယ် ၊ တိုက်ပွဲမှာ အမျိုးသားရုပ်အလောင်း ၁၅ လောင်း ၊ စနိုက်ပါသေနတ် တလက် ၊ M21 သေနတ်ငါးလက် ၊ M22 သေနတ် တလက် ၊ လက်ပစ်ဗုံး အပါအဝင် လက်နက်ခဲယမ်းတွေကို နစက အဖွဲ့တွေဘက်က သိမ်းဆည်းသွားတယ် ၊ မနေ့ မတ် ၁၂ ရက်က စေတီဦးကျေးရွာနားမှာ တိုက်ပွဲပြန်ဖြစ်တယ် ၊ အနည်းဆုံး လူ သုံးလေးယောက် သေတယ် ” လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က နယ်မြေရှင်းလင်းရေး လှုပ်ရှားအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတချို့ ဖြစ်တယ် ၊ ကနီမြို့နယ်မှာက အမျိုးသား ရုပ်အလောင်း ၆ လောင်း ၊အမ်-၂၂ သေနတ် ၃ လက်စနိုက်ဘာသေနတ် ၁ လက် ၊အမ်-၇၉ သေနတ် ၁ လက် ၊ ပြောင်းချောရိုင်ဖယ်သေနတ် ၁ လက် ၊ကျည်အိမ် ၄ ခု ၊ အမ်-၂၂ ကျည် ၁၀ တောင့်သိမ်းဆည်းရမိတယ် ၊ အဲ့ဒီ အပြင် ပင်လည်ဘူးမြို့နယ်မှာ အမျိုးသား ရုပ်အလောင်း ၃ လောင်း ၊ -အမ်-၂၁ သေနတ် ၂ လက် ၊ အမ်၂၁ ကျည်အိမ် ၃ ခု ၊အမ်-၂၁ ကျည်ဆံ ၈၀ တောင့် သိမ်းဆည်းရမိတယ် ၊ နောက်ပြီး ကလေးမြို့နယ်ဘက်မှာလည်း ရုပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိတယ် ၊ အသေးစိတ်မသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းမှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူ ငါးယောက်ထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကလေးမြို့ တက္ကသိုလ်ကျောင်း ၊ ပင်လည်ဘူးမြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် ကနီမြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်း ၆၀ ကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW