တရုတ်ဘက် တပတ်ကဒ် နဲ့ ဝင်လာသူတွေ တပတ်အတွင်း အလုပ် မရရင် ပြန်ထွက် ရမယ်

 

မတ် ၁၃၊ ၂၀၂၄

Shy V (VOM)

မြန်မာဘက်ခြမ်း မူဆယ်ကနေ တရုတ်ဘက် ယာယီဖြတ်သန်းခွင့် (TBP) တပတ်ကဒ် နဲ့ ဝင်လာသူတွေ တပတ်အတွင်း အလုပ် မရရင် ပြန်ထွက် ရမှာ ဖြစ်ကြောင်း တရုတ်ဘက် ဌာနဆိုင်ရာနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

“တပတ်ကတ်နဲ့ ဝင်လာတဲ့သူ ကတပတ်အတွင်းရတဲ့ အလုပ်လုပ်ပြီး တစ်ပတ်ကတ် သက်တမ်းမကုန်ခင် အလုပ်သမားစာအုပ်လုပ်ထားမှ အဆင်ပြေမယ်။ တစ်ပတ်အတွင်း အလုပ်မရရင် ပြန်ထွက်ရမယ်။ အလည် မရပါဘူး။ အမျိုးဆီ သွားလို့ရမယ်။ ရွှေလီ မှာနေတဲ့ အမျိုးရဲ့ နာမည်၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ အိမ်ရှင်နာမည်၊ ဖုန်းနံပါတ်၊ ပေးရမယ်။ တစ်ပတ်ပဲ နေရမယ်။ အလုပ်သမား ဆိုရင် သူဌေး မှတ်ပုံတင် လိုတယ်။ အိမ်ရှင်၊ မှတ်ပုံတင် မိတ္တူ၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ် လိုမယ်။ လုပ်ငန်းလိုင်စင် ( ကုမ္ပဏီလိုင်စင် ) လိုတယ်။” လို့ တရုတ်ဘက်ခြမ်း ဌာနဆိုင်ရာနဲ့ နီးစပ်သူက ပြောပါတယ်။

တပတ်ကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ လောလောဆယ်တော့ အလုပ်သမား အေဂျင်စီကနေ တဆင့်သွားပြီး စာချုပ်ချုပ်ကာ အလုပ်သမား အေဂျင်စီက စေလွှတ်ထားတဲ့ အလုပ်သမား အနေနဲ့ အလုပ်သမား စာအုပ်လုပ်ထားမယ်ဆိုရင် မဖမ်းဘူး လို့ပြောတယ်လို့ သူကရှင်းပြပါတယ်။

တပတ်ကတ်နဲ့ ဝင်လာသူများ အနေနဲ့ ဟွေ့ ရန်ရုံးမှာ မှတ်ပုံတင် ဘာသာပြန် ၃ဝ ယွမ်၊ အာမခံ တစ်ရက် ၁ ယွမ်နှုန်းနဲ့ ၇ ရက်စာ ၇ ယွမ်၊ အလုပ်သမား အေဂျင်စီမှာ အလုပ်ရှာဖွေခ အပါအဝင် QR CODE လုပ်ဖို့ စာရင်းသွင်းခ ၁ဝဝ ယွမ်ရှိပြီး စုစုပေါင်း ၁၃၇ ယွမ် (ကျပ် ၆၅၀၀၀ ကျော်) ကုန်ကျတယ်လို့ တရုတ်ဘက်ရောက် မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။

“အခုပြေထားတဲ့ထဲ အလုပ်လုပ်ဖို့ဟာတွေ မပါသေးဘူး။ ကျယ်ဂေါင်ကနေ ရွှေလီဘက်ထဲ ဝင်ဖို့ စသ်ဆေးရေးဂိတ် (ဟိုက်ကွမ်း)မှာ ဖြတ်သန်းဖို့ပဲ ရှိသေးတယ်။ အလုပ်လုပ်ဖို့က ထပ်ကုန်ကျရအုန်းမှာ။ အလုပ်သမားကဒ်၊ နေထိုင်ခွင့်ကဒ်၊ ကျန်းမာ‌ေရးကဒ်တွေ လုပ်ရအုံးမှာ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်တာတင် ၁၀ သိန်းကျော်လောက်သွားမှာ။ ဒါတောင် အလုပ်ရဖို့ မသေချာဘူး။ လူအရမ်းများတော့ အလုပ်ရှားသွားတာ။ တခါမှမကြားဖူးတဲ့ လစာ တွေတောင် ကြားနေရပြီ။ တလ ၉၀၀ ယွမ် (၄၃၀၀၀၀ ကျပ်ဝန်းကျင်) တဲ့။” လို့ သူက ရှင်းပြပါတယ်။

အလုပ်သမား စာအုပ်ပြုလုပ်ဖို့ ကုန်ကျငွေတွေက ဘာသာပြန်ခ နဲ့ ဓါတ်ပုံရိုက်ခ ယွမ် ၄၀၊ အာမခံ တစ်နှစ်စာ ၁၄၀ ယွမ်၊ ကျန်းမာရေး စစ်ဆေးခ ၁၃၄ ယွမ်၊ အလုပ်သမား အေဂျင်စီသို့ လစဉ်သွင်းဖို့ ကုမ္ပဏီလိုင်စင်‌ကြေး တစ်လ ၅၀ ယွမ်၊ အလုပ်သမား အေဂျင်စီသို့ လစဉ်သွင်းရန် ဆိုင်လိုင်စင်ကြေး တလ ၁၀၀ ယွမ် ရှိတာကြောင့် အလုပ်သမား စာအုပ်တမျိုးထဲကို စုစုပေါင်း ၄၆၄ ယွမ် (ကျပ် ၂၂၀၀၀၀ ကျော်) ကုန်ကျတယ်လို့ သူက ရှင်းပြပါတယ်။

တပတ်ကဒ် နဲ့ တရုတ်ဘက်မှာ တရားဝင် အလုပ်လုပ်ပိုင်ခွင့် မရှိသလို တရုတ်ဘက်က လုပ်ငန်းရှင်တွေလည်း စက်ရုံတွေကလွဲလို့ တခြားလုပ်ငန်းတွေမှာ ထောက်ခံချက် မပေးရဲကြဘူးလို့ ဆိုပါတယ်။

“အစက QR CODE လုပ်ဖို့ စာရင်းသွင်း အလုပ်ရှာပေးရင် တစ်ယောက် ယွမ် ၁၀၀ (ကျပ် ၄၈၀၀၀ ဝန်းကျင်) ရကြတော့ အလုပ်သမားရုံးက ပွဲစားတွေအလုအယက်ပဲ။ ဂိတ်ပေါက်ထိ သွားကြိုကြတယ်။ ခုက အကုန် တာဝန်ယူရမယ်ဆိုတော့ လက်မခံရဲတော့ဘူး။ ပြီးတော့ မတော် မတရား လျှောက်လုပ်တဲ့ အေဂျင်စီ ဆိုရင် လိုက်စင်သိမ်းခံရမယ်” လို့ နယ်စပ်ဒေသခံ တ​ယောက်က ပြောပါတယ်။

ကိုဗစ်ကာလ ကတည်းက တရုတ်ဘက်ခြမ်း နေထိုင်နေတဲ့ နေထိုင်ခွင့် သက်တမ်းကုန် မြန်မာနိုင်ငံသား လူဟောင်းတွေ နဲ့ပတ်သက်ပြီး အတိကျ မသိရပဲ စာအုပ်ပြန်လဲဖို့ ပြောနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားက လုပ်သားအများအပြားဟာ တရုတ်နယ်စပ်ဘက် အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ မူဆယ် နယ်စပ်ကို ရောက်လာကြပြီး တရုတ်ဘက်ခြမ်း သွားရောက်အလုပ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW