တောင်းရမ်းစားသောက်တဲ့သူတွေ ခေါ်သွားတဲ့ ၅နှစ်အရွယ် မိန်းကလေး၊ မိဘဆီ ပြန်ရောက်

 

ရန်ကုန်၊ မတ်- ၁၃- ၂၀၂၃

SA(VOM)

မတ်လ ၁၂ ရက် မနေ့က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ရွှေပြည်သာကွေ့ပန်းခြံမှာ ကလေးဖြစ်သူက ဆော့ကစားနေတုန်း ပျောက်သွားပြီး ၅နှစ်အရွယ် မိန်းကလေးကို ဒီကနေ့ မနက်ပိုင်းမှ တောင်းရမ်းစားသောက်သူတွေဆီက ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

တောင်းရမ်းစားသောက်တဲ့သူတွေ ခေါ်သွားတဲ့ ၅နှစ်အရွယ် မိန်းကလေး၊ မိဘဆီ ပြန်ရောက်

မနေ့ မတ်လ ၁၂ ရက်နေ့ညနေပိုင်းက အမျိုးသားတစ်ယောက်က ကလေးတွေ့ထားလို့ မုန့်ဖိုးအနေနဲ့ နှစ်သိန်းပေးဖို့ ကလေးမိခင်ဖြစ်သူဆီကို ဖုန်းမက်ဆေ့(စာတို) နဲ့ပို့ပြီးဆက်သွယ်ခဲ့တယ်လို့ ကလေးမိခင်ဖြစ်သူ မဧကရီဝင်း က VOM ကိုပြောပါတယ်။

” ကလေးက တခြားကလေးတွေနဲ့ ဆော့နေချိန်မှာ သူ့အဖေက ဝယ်စရာရှိလို့ ကလေးကို ခဏနေရင်ပြန်လာခေါ်မယ်လို့ပြောခဲ့တာ ပြန်လာတော့ မရှိတော့ဘူး။ အဲ့ဒါ နီးစပ်ရာ CCTV ရှိတဲ့ နေရာတွေကနေ အကူအညီတောင်းပြီး ရှာဖွေခဲ့ရတယ်။ မနေ့က ကလေးကို တွေ့ပြီ ငွေ နှစ်သိန်း မုန့်ဖိုးအနေနဲ့ ပေးဖို့ ကျမကို အမျိုးသားတစ်ယောက်က ဆက်သွယ်လာတယ်။ အဲ့ဒါနဲ့ ကျမက နှစ်သိန်းမဟုတ်ဘူး ငါးသိန်းပေးမယ် ကလေးကို အခုပြန်ပေးဖို့ပြောပေမယ့် ကလေးအိပ်နေလို့ မနက်မှ လာခေါ်ဖို့ပြောတယ်။ မနေ့က တယောက် ဒီကနေ့မနက်က တယောက် ဖုန်းဆက်တယ်။” လို့ ကလေးမိခင် က VOM ကိုပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် မနန္ဒာဝင်းဟာ မနေ့ မတ်လ ၁၂ ရက်နေ့က ရွှေပြည်သာပန်းခြံမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်က ဒညင်းကုန်းလမ်းစုံမှာ တောင်းရမ်းစားသောက်သူ ၁၁ နှစ်အရွယ် မိန်းခလေးဖြစ်သူနဲ့အတူ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မနန္ဒာဝင်းဟာ ကလေးမိခင်တွေလက်ထဲကို ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပြီး သူနဲ့အတူတွေ့တဲ့ တောင်းရမ်းစားသောက်သူ မိန်းကလေးကိုလည်း ပြန်လွှတ်လိုက်တယ်လို့သိရပါတယ်။ အမှုဖွင့်ထားခြင်းမျိုး မရှိဘူးလို့ ကလေးမိခင်ဖြစ်သူ မဧကရီဝင်းက VOM ကိုပြောပါတယ်။

လတ်တလော လူမှုကွန်ယက်တွေမှာ ကလေးပျောက်ဆုံးတာတွေ မကြာခဏတွေ့နေရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာက ပျောက်ဆုံးသွားတဲ့ ၃နှစ်အရွယ်ကလေးကို လွမ်းစေတီအနီး ရေမြောင်းအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးေနတာကို တွေ့ရှိခဲ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW