မုံရွာ အင်းဝဘဏ် ဓားပြတိုက်၊ဘဏ်မန်နေဂျာကို ဓားစာခံ ဖမ်းဆီးသွားပြီး ကျပ်သိန်းသုံးရာကျော်ယူသွား

 

မတ် ၊ ၁၃ ၊ ၂၀၂၄

SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်နဲ့ မြို့တော်ခန်းမ ကြားရှိ အင်းဝ ဘဏ်မှာ ဒီကနေ့ မတ်လ ၁၃ရက်နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း သုံးရာကျော်ပါသွားတဲ့အပြင် ဘဏ်မန်နေဂျာ အမျိုးသမီးကိုလည်း ဓားပြအဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မုံရွာဘဏ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

မုံရွာမြို့ခံ ဘဏ်ဝန်ထမ်းတယောက်က

“အဲ့ဒီဘဏ်က မန်နေဂျာ အမျိုးသမီး အပါအဝင် ဝန်ထမ်း ဆယ့်လေးငါးယောက်လောက်ရှိတယ် ၊ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်က အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်က စူပါကပ် ဆိုင်ကယ်တစီးနဲ့ အရင်ရောက်လာတယ်၊ အဲဒိနောက် ကားအဖြူရောင်နဲ့ အမျိုးသား ၆ယောက်လောက် ထပ်ရောက်လာတယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာ လုံခြုံရေး မှတ်တမ်းတွေအရ၊ အဲ့ဒီလူတွေက ဘဏ်ထဲကို ဝင်ရောက်လာတဲ့အခါ သေနတ်အတို ကိုယ်စီကိုင်းထားတယ် ၊ အဲ့ဒီနောက် ဘဏ်ဝန်ထမ်းတွေအကုန်လုံး စုထိုင်ခိုင်းပြီး ကောင်တာအံဆွဲထဲက ဘဏ်ငွေ သိန်း ၃၆၂ သိန်းကျော်နဲ့ Dasktop View Sonic Moniter ကွန်ပျူတာ (၃)လုံး၊ Scanner Machime(for Seacurity) (၁)လုံး၊ ဧည့်ဝင်/ထွက် မှတ်တမ်း စာအုပ် (၁)အုပ်နဲ့ ဘဏ်ဝန်ထမ်းတွေ ကိုင်ဆောင်တဲ့ ဖုန်း ၁၂ လုံး ယူသွားတယ် ၊ အဲ့ဒီ အပြင် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်လှလှသွယ် ကို ဓားပြအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာကို စိစစ်သိရှိရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့က ပိတ်ဆို့စစ်ဆေးရှာဖွေ နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေ အခြား ငွေစုငွေချေး လုပ်ငန်း ၂၀ ကျော်ရှိတဲ့အနက်က ဘဏ်ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၅ ရက် ၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ကုမ္ပဏီကုန်ပို့ယာဥ် (ကွန်တိန်နာအသေး) ကားတစီး ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပြီး ကုမ္ပဏီပိုင် ငွေကျပ် (၅၇၄)သိန်းနဲ့ မမြင့်မြင့်သူရဲ့ MCB ဘဏ်စာအုပ် (၃)အုပ်၊ KBZ ဘဏ်စာအုပ်(၁)အုပ်နဲ့ MCB ATM ကဒ်(၁)ခု ပါသွားတယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ ဒီကနေ့အထိ ဓားပြတိုက်လုယက်မှု ၇၄ ကြိမ် ၊ လူပြန်ပေးဆွဲ ဖမ်းဆီးခံရမှုဖြစ်စဥ် ၂၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဖြစ်စဥ်တွေအနက် ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လကနေ ၂၀၂၃ ဒီဇင်ဘာလအထိ မုံရွာမြို့ပေါ်မှာ နေရာ ၁၄ ခု ၊ လုယက် ၊ ဓားပြတိုက် ၊ ပြန်ပေးဆွဲ မီးရှို့မှု့ ၁၆ ကြိမ် ကျူးလွန်သူ အမျိုးသား သုံးဦးနဲ့အမျိုးသမီး တယောက်တို့နဲ့အတူ ဖမ်းဆီးရမိသက်သေခံ ပစ္စည်း ကွန်ပျူတာလက်တော့ပ် ၁ လုံး ၊ ရွှေနားကပ် ၃ ရံ ၊ ဖုန်မျိုးစုံ ၂၀ လုံး ၊ ဆိုင်ကယ်မျိုးစုံ ၃ စီး ၊ ကားမျိုးစုံ ၃ စီး ၊ ပြန်ပေးဆွဲခံရသူ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ငွေကျပ် ၃၆ သိန်း ၊ ၁ သောင်း အပါအဝင် ဖုန်းငွေဖြည့်ကဒ် (တန်ဘိုးစီစစ်ဆဲ) တွေ သိမ်းဆည်းရမိတယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

မုံရွာဝန်းကျင်တိုက်ပွဲတွေဖြစ်ပြီးနောက် ငွေကြေးချမ်းသာသူတွေဟာ တခြားဒေသတွေရွှေ့ပြောင်းကြသလို ဘဏ်တွေကလည်း အရင်လိုငွေကြးများများ မထားတော့ဘူးလို့ ဘဏ်အသိုင်းအဝိုင်းက သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW