အောင်လံမြို့နယ်မှာ ဘုန်းကြီးတပါးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်ကို ပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးဇနီးကို ဖမ်းခေါ်သွား

မတ် ၊ ၁၃ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ဒီကနေ့ မတ်၁၃ ရက် မနက်ပိုင်း ၃ နာရီဝန်းကျင်က ဘုန်းကြီးတပါးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူကို သတ်ဖြတ်ခံရတယ်လို့ အောင်လံမြို့ခံတွေဆီက သိရပါတယ်။

အောင်လံမြို့ခံ တယောက်က ” ဒါးစမ်းကျေးရွာက ဘုရားကုန်းပေါ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် နဲ့ ဒါးစမ်း ဘုန်းကြီးအသတ်ခံရတယ် ၊ ဦးနိုင်ဝင်းအောင် ဆိုသူက ပြီးခဲ့တဲ့ ၂၀၂၁ မေလတုန်းက ဓားထိုးခံရလို့ ဆေးရုံတက်ပြီး ဆေးကုခဲ့ရတယ် ၊ နောက်ပြီး ၂၀၂၃ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ အမည်မသိ လူလေးယောက်က သူ့ရဲ့နေအိမ် တံခါးမှာခတ်ထားတဲ့ သံကြိုးတွေ ဖျက်ဆီးပြီး အိမ်ပေါ်တက်လာကာ သူ့ကိုအိမ်အောက်ဆွဲချတဲ့အချိန် ထွက်ပြေးလွတ်မြောက်သွားတယ် ၊ အဲ့ဒီလို ထွက်ပြေးတဲ့အခါ အမည်မသိ လူလေးယောက်က နောက်ကနေ သေနတ်နဲ့ လိုက်ပစ်တယ် ၊ ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ သိရတယ် ၊ အဲ့ဒီနောက် ဘုန်းကြီးေကျာင်းထဲမှာ ပုန်းအောင်းနေခဲ့တာ ၊ ဒီမနက်တော့ ဘုန်းကြီးနဲ့ အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားပြီး ၊ အုပ်ချုပ်ရေးမှူးရဲ့ မိန်းမကိုတော့ ဒေသတွင်းလက်နက်ကိုင် PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အောင်လံမြို့နယ် လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးနေဆဲဖြစ်တာကြောင့် VOM ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီဝန်းကျင်က မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူဟာ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်တရားသူကြီး တာဝန်ထမ်းဆောင်နေသူ ဦးထွန်းထွန်းနိုင်ဆိုသူဟာ သူ့ရဲ့ဇာတမွေးရပ်မြေ နတ်မောက်မြို့နယ် ၊ ကမ်းပြိုရွာကိုသွားတဲ့အခါ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက် ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားမှာ နေ့လယ် ၂ နာရီဝန်းကျင်က ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် လူ သုံးယောက် ပစ်သတ်ခံရပြီး ၊ အဲ့ဒီ အပြင် နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၆ ညဦးပိုင်း အချိန်မှာ သရက်ခရိုင်ထဲက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်းတည်း ပစ်သတ်ခံရလို့ မင်းတုန်းမြို့နယ်ထဲက တောင်ယံကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မင်းလှ မြို့နယ်ထဲက လင်းကယ်ကျေးရွာ ၊ မီးလောင်ကုန်းကျေးရွာ ၊ ပေတောကုန်းကျေးရွာ ၊ ကဒေါင်းစောက်ကျေးရွာနဲ့ ကံ(အလယ်)ရွာ စတဲ့ကျေးရွာတွေမှာ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေကို တချိန်တည်း တပြိုင်တည်း ဆိုသလို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေမှာ ဝင်ရောက် ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် ၊ မြို့ပေါင်း ၃၂ မြို့ ၊ ရပ်ကွက်ပေါင်း ၁၉၉ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နဲ့ ကျေးရွာပေါင်း ၄၇၈၈ ရွာရှိခဲ့ရာက အခုဆိုရင် ဆော ၊ ကျောက်ထု ၊ ပေါက် ၊ ထီးလင်း ၊ ဂန့်ဂေါ ၊ ကျော ၊ ဆိပ်ဖြူ ၊ ရေစကြို ၊ မြိုင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရလို့ အခုထိ အုပ်ချုပ်ရေးမှူး နေရာ လုပ်မယ့်သူ မရှိဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW