ချင်းရွှေဟော် နယ်စပ်ဂိတ် ပြန်ဖွင့်

မတ် ၁၄၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်ရှိ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို မတ်လ ၁၁ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA) က ပြန်လည် ဖွင်လှစ်ပြီ ဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

“ချင်း‌ရွှေဟော်က ဟုတ်တယ်။ အစိုးရ ဌာန မရှိဘူးလေ။ (MNDAA) သူတို့ ကိုယ့်ဟာကိုယ် ဖွင့်တာ။” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရတဲ့ မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်နဲ့ ဝမ်တိန်ဂိတ်တွေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ မတ်လ ၁၁ ရက်နေ့မှာ ဖွင့်လှစ်လိုက်တာ လို့ဆိုပါတယ်။

အဲဒီဂိတ်ကနေ သက်တမ်းရှိသေးတဲ့ နှစ်နိုင်ငံ အသိအမှတ်ပြု နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ ဝင်ထွက်လို့ ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ အပြင် မြန်မာ – တရုတ်နယ်စပ်၊ မူဆယ်ခရိုင်ရှိ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ်ကိုလည်း မတ်လ ၁၁ ရက်နေ့က ဖွင်လှစ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လူအဝင်အထွက် မရှိသေးသလို ကုန်အဝင်အထွက်လည်း မရသေးဘူးလို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“အဲလို သတင်းထွက် နေတယ်။ ဒါ‌‌ပေမယ့် လူ အဝင်အထွက်တော့ မရသေးဘူး။ ကုန်တွေလည်း မရသေးဘူး။ အခုရတာက ဝမ်တိန်၊ ရွှေလီ စတဲ့ တရုတ်ဘက်ခြမ်းဘက် မြန်မာဘက်က စစ်ဘေးရှောင်တဲ့လူတွေ ပြန်လာမယ် ဆိုရင် လာလို့ရတယ်လို့တော့ ပြောနေတယ်။” လို့ သူက ရှင်းပြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ်က နယ်စပ်အဝင်အထွက်ဂိတ်‌ တွေဖြစ်တဲ့ မိုင်ဂျာယန်၊ လုံတောက်၊ မုံးကိုး၊ ဖောင်းဆိုင် တို့လို့ နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ထားခြင်းမရှိသလို တရုတ်မြန်မာ ကုန်သွယ်ရာဂိတ် တွေကိုလည်း တိုက်ပွဲကြောင့် မြန်မာဘက်က ပိတ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ် ကုန်သွယ်ရာဂိတ်‌တွေကို တိုက်ခိုက်ထိန်းချုပ်ခံထား‌ရပေမယ့် တရားဝင် နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရ အချင်းချင်းသာ ကုန်သွယ်မှာဖြစ်ကြောင်း နယ်စပ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ချင်းရွှေဟော်မြို့ကို MNDAAက သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW