မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ရှောင်စခန်းက ကျောင်းသား လေးယောက် ရေနစ်သေဆုံး

မတ် ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချာချန်ပူရ် ( Churchandpur) ခရိုင် ၊ ချာချန်ပူရ်မြို့ ၊ ကာနန် (Canaan) ရပ်ကွက်မှာရှိတဲ့ ECA မြန်မာစစ်ရှောင် စခန်းမှာနေထိုင်တဲ့ ကလေးငယ် လေးယောက်ဟာ သုံးရက်ကြာ ပျောက်ဆုံးနေပြီးနောက် မနေ့က ရေနစ်သေဆုံးနေတာကို ပြန်လည်တွေ့ရတယ်လို့ မဏိပူရ်ပြည်နယ်သတင်းဌာနတွေက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုးရေးမြို့မှာနေတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက
” ချာချန်ပူရ်မြို့က ECA မြန်မာ စစ်ရှောင်စခန်းမှာနေတဲ့ ကလေး လေးယောက်ဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက် ညနေပိုင်း ကစလို့ ပျောက်သွားတယ် ၊ အဲ့ဒီ ကလေး လေးယောက်စလုံးက ကျောင်းတက်နေတဲ့ ကလေးတွေဖြစ်တယ် ၊ ကျောင်းဆင်းပြီးနောက် အိမ်ပြန်ရောက်မလာတဲ့အတွက် ကလေးမိဘတွေက KKL နဲ့ KSO လူမှုကူညီရေး အဖွဲ့တွေဆီ အကူညီတောင်းတယ် ၊ အဲ့ဒီနောက် လူမှုကူညီရေး အဖွဲ့တွေက လိုက်လံရှာဖွေတဲ့အခါ ၊ မနေ့ မတ် ၂၁ မနက် ၈ နာရီဝန်းကျင်က ပျောက်ဆုံးနေတဲ့ ကလေး လေးယောက်ရဲ့ အလောင်းတွေကို ဧဗေနေဇာအရပ် Tuitha မြစ်ထဲကနေ ပြန်တွေ့ရတယ်။”

အဲ့ဒီ ECA မြန်မာ စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့နှစ် မဏိပူရ်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာတဲ့ စခန်းဖြစ်ပါတယ် ၊ အဲ့ဒီ စခန်းမှာ ခိုလှုံနေတဲ့သူတွေဟာ လူမျိုးရေး ပဋိပက္ခကြောင့် မြန်မာနယ်စပ်ကနေ ထွက်ပြေးခိုလှုံလာသူ မြန်မာတွေဖြစ်ကြပါတယ် ၊ အဲ့ဒီ မိသားစုတွေထဲက သောင်းခိုဟောင်း(၆)နှစ် ၊ ထန်ဂိုးဟောင် (၄)နှစ် ၊ လာယ်လင်းကျွန်း (၆)နှစ်နဲ့ မဟတ်ဟွိုင်ဌေး (၉) နှစ် ၊ ယောင်္ကျားလေး သုံးယောက်နဲ့ မိန်းကလေး တယောက် သေဆုံးတာဖြစ်တယ်လို့ ဦးဂျမားက ပြောပါတယ်။

ရေနစ်သေဆုံးရတဲ့ အကြောင်းရာကို ဒေသခံတွေ သုံးသပ်ထားတာက ၊ အငယ်ဆုံးကလေး ရေနစ်နေတဲ့အချိန် တယောက်ကို တယောက်ကို ကယ်ရင်းကနေ လေးယောက်စလုံး ရေနစ်သေတာဖြစ်မယ်လို့ ယူဆထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၈ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖားအကျဥ်းထောင်မှာ စစ်ရှောင်နေရင်း အကျဥ်း ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ကို ပြစ်ဒဏ်ကျခံရန် ရက်ကုန်ဆုံးတာကြောင့် မိုးရေး – တမူး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးဖို့ အသင့်ဖြစ်နေပေမယ့် မြန်မာဘက်ခြမ်းက လဝက တွေရောက်မလာသေးတာကြောင့် နယ်စပ်ဂိတ်မှာ မြန်မာဘက်ကို ပြန်လွဲပေးမယ့် မြန်မာနိုင်ငံသားတွေ သောင်တင်နေရတာ ရက်သတ္တပတ်ရှိနေပြီလို့ မိုးရေးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW