တပ်မတော်နေ့အခမ်းအနား ညနေပိုင်းကျင်းပတာ ၁၅ ကြိမ်မြောက်ဖြစ်

မတ် ၂၆ – ၂၀၂၄
SN (VOM)

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲကျင်းပမယ်လို့ နစက က မနေ့ မတ်လ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကတဆင့် အသိပေး ကြေညာခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ လက်ရှိမှာ လူထုအကြား ဝေဖန် မှတ်ချက်ပေးမှုတွေ အမျိုးအမျိုး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဟိုးအရင်နှစ်တွေကလည်း ညနေပိုင်းအချိန်တွေမှာ အကြိမ်ကြိမ် ကျင်းပခဲ့ဖူးတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ အငြိမ်းစား စစ်မှုထမ်းတယောက်က “ကျွန်တော် မှတ်မိသလောက်က ကျွန်တော်တို့ငယ်ငယ်က တပ်မတော်နေ့ကို သွားဖူးတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ ‘တော်လှန်ရေးနေ့’ ဆိုပြီးလုပ်တာ။ တော်လှန်ရေးနေ့ဆိုပြီး ညပိုင်းလုပ်တယ်၊ မီးတုတ်ကြီးတွေနဲ့ မီးရှူးမီးပန်းတွေဖောက်၊ မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပပဲ။ အခု မိုင်ဒါကွင်းကနေ တော်လှန်ရေးပန်းခြံထဲကို ဦးဝိစာရလမ်းအတိုင်း ချီတက်ခဲ့တာ” လို့ ပြောပါတယ်။

တပ်မတော်နေ့ အခမ်းအနားတွေကို လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်၊ (၉) ကြိမ်မြောက်မှ ၁၉၆၇ ခုနှစ် (၂၂) ကြိမ်မြောက်အထိ ၁၄ ကြိမ်တိုင်တိုင် ညပိုင်း ကျင်းပပြုလုပ်ခဲ့ပြီး အခုအကြိမ်နဲ့ဆို ၁၅ ကြိမ်မြောက် ဖြစ်တယ်လို့မှတ်တမ်းတွေအရ သိရပါတယ်။

နေပြည်တော်မှာ အရင်လို တပ်မတော်နေ့ အခမ်းအနား မနက်ပိုင်းမလုပ်ဘဲ
ဒီနှစ်မှ ပထမဆုံးအကြိမ် ညနေပိုင်းပြောင်းလဲရလဲဆိုတာ သက်ဆိုင်ရာကို VOM က မေးထားပေမယ့် ဖြေဆိုမပေးသေးပါဘူး။

အခုနှစ်အတွက် တပ်မတော်နေ့အခမ်းအနားပုံရိပ်တွေကို ညနေ ၅ နာရီ ၁၅ မိနစ်မှာ နိုင်ငံပိုင်မီဒီယာတွေကတဆင့် တိုက်ရိုက် ထုတ်လွှင့်သွားမှာဖြစ်တယ်လို့တော့ နစက က ကြေညာထားပါတယ်။

တပ်မတော်နေ့အခမ်းအနားနဲ့ ပတ်သက်လို့ တက်ရောက်သတင်းရယူမယ့် သတင်းထောက်တွေကိုလည်း မတ်လ ၂၇ ရက်၊ မွန်းလွဲပိုင်းမှာ သတ်မှတ်ထားတဲ့ နေရာကို အရောက်လာဖို့ အသိပေးထားတယ်လို့ နေပြည်တော် သတင်းထောက်တွေဆီက
သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW