ရခိုင်စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်သေး၊ ကုန်စျေးနှုန်းကလည်း အဆမတန်မြင့်တက်

ဧပြီ ၅ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်အတွင်း မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအနေအထားအရ စစ်ဘေးေရှာင် ဒုက္ခသည်တွေ မိမိနေရပ်ကို မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဟာ လက်ရှိမှာ အချိန်ကာလအားဖြင့် လေးလကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒီ့လို တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ရှစ်မြို့နယ်ထက်မနည်းတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိ ရှိလာနေပြီး လတ်တလော လုံခြုံရေး အခြေအနေတွေအရ နေရပ်မပြန်နိုင်ကြ‌သေးဘူးလို့ သိရပါတယ်။
“ဒုက္ခတွေကတော့ အများကြီးပဲ။ ကူညီပေးမယ့် အဖွဲ့အစည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေးကြောင့် လာဖို့ ခက်ခဲနေကြတော့ ကိုယ်တွေလည်း ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ဝမ်းရေးပြဿနာကို ကြုံသလို ဖြေရှင်းနေရတာပေါ့။ အလုပ် လုပ်ဖို့ကလည်း အဆင်မပြေ၊ တချို့ကျတော့လည်း ရှိတာလေးတွေ ထုခွဲ၊ ရောင်းချပြီး လတ်တလော ဝမ်းရေးပြဿနာကို ဖြေရှင်းနေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိမှာ ရခိုင်ဒေသခံတွေဟာ မှောင်ခိုသွင်းလာတဲ့ စားသောက်ကုန်တွေကိုသာ ဈေးနှုန်း အဆမတန်ပေးပြီး စားသုံးနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ Goody စားသုံးဆီ ငါးလီတာကို ကျပ် ခြောက်သောင်းကျော်၊ ဒေသထွက် ဆန်ကြမ်းတအိတ်ကို အနည်းဆုံး ကျပ် တသိန်းလေးသောင်း၊ ပရီမီယာ ကော်ဖီမစ်တထုပ် ကျပ် နှစ်သောင်းကျော်၊ ဓာတ်ဆီကတော့ တလီတာ တသောင်းသုံးထောင်ဈေး ရှိတယ်လို့ သိရပါတယ်။
“ရခိုင်ပြည်နယ်က စစ်ပွဲနဲ့ နပမ်းလုံးနေရတဲ့ အချိန်ဆိုတော့ အလှူရှင်တွေကလည်း မရှိဘူးလေ။ တယောက်ကိုတယောက်၊ တဦးကိုတဦး မကူညီနိုင်ဘူး။ တခြားနေရာဒေသတွေက ကူညီမှပဲအဆင်ပြေမယ်။ ဒါကြောင့် တခြားနေရာတွေက ဝိုင်းဝန်းပြီး ကူညီပေးစေချင်တယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကုန်လမ်း၊ ရေလမ်းတွေအပြင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရသလို ကုန်စည်စီးဆင်းမှုတွေလည်း ပိတ်ပင်ခံထားရတာကြောင့် ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီဖို့ ခက်ခဲနေကြတာပါ။
ဒါ့အပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့အနီး အမ်း-ပဒန်း ကားလမ်းတလျှောက် မတ်လ ၂၆ ရက်နေ့ကစပြီး နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ရိုးမဖြတ်လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တယ်လို့ AA က ဧပြီလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။
ဒါ့ကြောင့် အမ်းမြို့အတွင်းမှာ ပိတ်မိနေကြသူတွေ ရှိနေပြီး စားနပ်ရိက္ခာကို ခွဲတမ်းနဲ့သာ ဝယ်ယူခွင့်ရနေတာကြောင့် ရိက္ခာပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ သောက်သုံးရေ ရှားပါးတာတွေနဲ့ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေရတာကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA Myanmar) ရဲ့ မနေ့ ဧပြီ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အဲ့ဒီ့နောက်ပိုင်း လူပေါင်း တသိန်းငါးသောင်း ခုနစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကလည်း အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်နေတယ်လို့လည်း UNOCHA Myanmar က ဆိုပါတယ်။
လက်ရှိ နိုင်ငံတဝန်းက အရပ်သား ပြည်သူတွေအနေနဲ့ ဖြစ်ပွားဆဲ ပြင်းထန်တဲ့ ပဋိပက္ခဒဏ်ကို ဆက်လက် ခံစားနေကြရပြီး မြန်မာနိုင်ငံတဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရကာ ဒီအထဲကမှ လူဦးရေ ၂ ဒသမ ၅ သန်း‌ကျော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW