ရခိုင်မှာ တိုက်ပွဲကြောင့် ခုနှစ်လအတွင်း တံတား ၁၆ စင်းထက်မနည်းဖျက်ဆီးခံထားရ

 

ဇူလိုင် ၂၇ – ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ခုနှစ်လအတွင်း တံတား ၁၆ စင်းထက်မနည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေထဲမှာ ပြည်တွင်းရှိမြို့နယ်အချင်းချင်းချိတ်ဆက်ထားတဲ့ တံတားတွေပါသလို ရန်ကုန် – စစ်တွေလမ်းမပေါ်ကတံတားလည်းပါကြောင်း၊ ကျေးရွာချင်းဆက်တံတားတွေလည်း ပါတယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိဇူလိူင်လ ၂၇ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းက ကနဦးစာရင်းပြုစုရရှိတဲ့ တံတားဖျက်ဆီးခံရမှုအရေအတွက်ဖြစ်ပါတယ်။

” အရင်ရက်ကကို သံတွဲနဲ့ဂွကြားက တံတားသုံးစင်းဖျက်ဆီးခံရတယ်။တံတားတွေပျက်စီးသမျှပြန်ပြင်နိုင်မှုမရှိတာများတယ်။စစ်ဖြစ်နေတော့ဘယ်သူကမှတာဝန်ယူပြန်မပြင်နိုင်ဘူး။လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုသာပိုများလာတဲ့အခြေအနေပါ။တံတားတွေပျက်တော့ တခြားတောလမ်းတွေကနေခက်ခက်ခဲခဲသွားနေရတာပေါ့ ။ ” လို့ ဂွဒေသခံကပြောပါတယ်။

သံတွဲနဲ့ ဂွကြားက တံတားဖျက်ဆီးခံရမှုက ဇူလိူင်လ တတိယပတ်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းကွင်း၊ သရက်ပင်ကွင်း၊ဆင်ဒင်ကလေး တံတား သုံးစင်းဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဇွန်လအတွင်းမှာတော့ မောင်တောမြို့နယ်ထဲက မောရဝတီကျေးရွာအနီးရှိ တံတား နှစ် စင်း၊ မြင်းလွှတ်ကျေးရွာအနီးရှိ တံတား နှစ် စင်း၊ အလယ်သံကျော် ကျေးရွာအနီးရှိ တံတား နှစ် စင်းနဲ့ အမ်းမြို့အဝင်ရှိ တံတားငယ် တစင်း အားလုံးပေါင်း တံတားခုနှစ်စင်း မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

မေလထဲမှာဆိုရင်လည်း မောင်တောမြို့နယ်ထဲက လှဖိုးခေါင်ရွာအနီးရှိ လှဘော်ဇားတံတား၊ သီဟိုအေးရွာအနီးရှိ ၃ မိုင်တံတားနဲ့ ဘူးသီးတောင်မြို့ ပန်းဇင်းမော် တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဖေဖော်ဝါရီလထဲမှာလည်း တောင်ကုတ်မြို့နယ်ရှိ မအီ တံတားနဲ့ ကျောက်ကြီးတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို ကျောက်ဖြူမြို့နယ်က တံတားတစင်းနဲ့ စစ်တွေ – ရန်ကုန်ကားလမ်းပေါ်က မင်းချောင်းတံတား လည်းမိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်တွင်းက အခြားမြို့နယ်တွေမှာလည်း တံတားတွေ၊လမ်းပိုင်းပျက်စီးမှုတွေရှိနေပြီး တံတားတွေလမ်းတွေပျက်စီးမှုကြောင့် ပြည်နယ်တွင်းသွားလာရေးတွေပိုခက်ခဲသွားလို့ ဒေသခံပြည်သူတွေပိုပြီးဒုက္ခရောက်နေကြရပါတယ်။

လက်ရှိဇူလိုင် ၂၇ ရက်မှာလည်း ဂွမြို့ကနေ ဧရာဝတီကို သွားလာနိုင်တဲ့ ဂွ -ငါးသိုင်းချောင်းတောင်ပေါ်လမ်းမှာမြေပြိုတာ၊လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်နေတဲ့အတွက် ကားကြီးတွေသွားလာမရတော့ဘဲဖြစ်နေပါတယ်။

” မနေ့ကအထိသွားရသေးတယ်။ လမ်းကအက်ကွဲပြီး တောင်ကလည်းပြိုတော့ အန္တရာယ်များသွားတဲ့အခြေအနေပါ။ကားကြီးတွေကတော့ဖြတ်ဖို့မလွယ်တော့ပါဘူး ။ ” လို့ ဒေသခံကပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တကျော့ပြန်တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်း ရခိုင်ပြည်နယ်ကို ရေကြောင်းကနေဝင်ရောက်မှု ပိတ်ထားသလို ပြည်မြို့ကနေ ဝင်ရောက်နိုင်တဲ့ကုန်းလမ်းကိုလည်းပိတ်ထားတာလက်ရှိအထိဖြစ်ပါတယ်။

ပြည်နယ်အတွင်းတိုက်ပွဲတွေကတော့ ဒီနေ့အထိဖြစ်ပွားနေပြီး သံတွဲနဲ့ငပလီဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။

#Voiceofmyanmar #vom #ရခိုင်ပြည်နယ် #တံတားတွေဖျက်ဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW