အောက်တိုဘာ ၁၂ ၊ ၂၀၂၆
GG (VOM)
ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်မရှိဘဲ အထောက်အထားမဲ့လုပ်ကိုင်နေတဲ့ မြန်မာတွေကို ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)စာအုပ်ကို အခုကစပြီး မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်ဆောင်မှသာ စာအုပ်ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
CI စာအုပ်အသစ်လုပ်ဖို့အတွက် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နူန်းအဖြစ် ကနဦး ၃လစာအတွက် ဘတ် ၆၀၀၀ မိသားစုဆီလွှဲထားကြောင်း နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နူန်းကို တနှစ်စာ ဘတ် ၁၈၀၀ ပေးဆောင်ထားတဲ့ အထောက်အထားတင်ပြနိုင်မှသာ စာအုပ်ထုတ်ပေးမယ်လို့ သိရပါတယ်။
CI စာအုပ်အစိမ်း ထုတ်ပေးမယ့် စခန်းငါး ခုကိုတော့ ဒီအောက်တိုဘာလအတွင်း ထိုင်းနိုင်ငံရှိ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ ခရိုင်တွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အရင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဘတ်အသစ်ရိုက်ထားပြီး မကြာခင် သက်တမ်းတမ်းကုန်တော့မယ့်သူတွေကို အဓိက CI စာအုပ်အသစ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
” တနှစ်စာ အခွန် ၂ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၁၈၀၀ ကို သွင်းရမယ် ။ဒီအခွန်က နိုင်ငံတော်ကို ဝင်သွားမှာပေါ့ ။ CI ကတ်ကြေးနဲ့ OWIC ကတ်ကြေးတွေကိုလည်း ပေးသွင်းရပါမယ်။ Remittance ပြည်ပရောက် လုပ်သားတွေ မိသားစုဆီ ငွေလွှဲပို့မှု ကိုတော့ကနဦးအနေနဲ့ ၃ လစာအတွက် တလကို ဘတ် ၂၀၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် ၆၀၀၀ လွှဲထားကြောင်း စလစ်စာရွက် ပြရပါမယ် ။ ” လို့ အလုပ်သမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားမှာ ဝန်ကြီးက ပြောခဲ့တာပါ ။
မိသားစုလွှဲပို့ငွေနဲ့ဝင်ငွေခွန်ဆောင်ထားတဲ့အထောက်အထားပြနိုင်သူတွေကို နိုင်ငံသားမှန်မမှန်စိစစ်ပြီး မှန်ပါက OWIC ကတ်ရိုက်ပေးပြီး CI ကတ်ကိုပါ One Stop Service စနစ်နဲ့ ချက်ချင်း ထုတ်ပေးသွားမှာလို့ ဝန်ကြီးက ပြောပါတယ်။
မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်ပေးဆောင်မှုကို နိုင်ငံကူးလက်မှတ်ကိုင်ပြီး တရားဝင်သွားရောက်လုပ်ကိုင်သူတွေပဲ သတ်မှတ်ထားရာကနေ အခုကတော့ ထိုင်းကို တရားမဝင်လမ်းကနေသွားပြီး ထိုင်းရောက်မှာ ဘတ်ရိုက် ၊ Work Permit ၊ CI စာအုပ်လုပ်ပြီး နေထိုင်အလုပ်လုပ်သူတွေကို စတင်ဆောင်ရွက်လာတာဖြစ်ပါတယ်။
အဲဒီအပေါ် ထိုင်းရောက်မြန်မာလုပ်သားက
” မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်ဆောင်ထားတာမပြနိုင်ရင် CI စာအုပ်မလုပ်ပေးဘူးဆိုတော့ မဖြစ်မနေ ဆောင်ရမှာပေါ့။ အခု သူတို့ပြောတဲ့ အခုပမာဏက သိပ်မများတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘဏ်အကောင့်မရှိသူတွေကို တရားဝင်ငွေဘယ်လိုလွှဲရမလဲဆိုတာကို စီစဥ်မပေးတော့ခက်တယ်။ CI စာအုပ်က မဖြစ်မနေလုပ်ရတာမျိုးတော့မဟုတ်ဘူး ။ပန်းရောင်ကတ် ( ဘတ်ရိုက်)ထားသူတွေက နေတဲ့နေရာနဲ့ စက်ရုံကတူတယ်၊.သူဌေးတူတယ် ၊ သူဌေးကလည်း လက်ခံတယ်ဆိုရင် CI မလုပ်လည်းရသေးတယ်။ နယ်ကျော်လုပ်ရတာမျိုးဆိုရင် CI စာအုပ်ရှိဖို့တယ်။ ပန်းရောင်ကတ်က အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပေါ့။ CI ကတော့ နယ်ကျော်သွားလာခွင့်ရှိတယ်။ ” လို့ပြောပါတယ်။
CI စာအုပ်ပြုလုပ်မယ်ဆိုပါက သက်ဆိုင်ရာက သတ်မှတ်ပမာဏ ဘတ် ၂၆၇၀ သာကုန်ကျမှုရှိကြောင်း အသိပေးထားပေမယ့် ပြင်ပမှာ ပွဲစားနဲ့လုပ်ပါက ဘတ် ၅၀၀၀ မှ ၁၀၀၀၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့ သိရပါတယ်။
၂၀၂၆ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဩဂုတ်လအတွင်းမှာလည်း ထိုင်းရောက် မြန်မာလုပ်သား လေးသိန်းနှစ်သောင်းကျော်ကို CI စာအုပ် ထုတ်ပေးခဲ့ပြီး အဲဒီတုန်းကတော့ မိသားစုလွှဲပို့ငွေ ၊ ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထားမပြရဘူးလို့ သိရပါတယ်။
CI စာအုပ်ဟာ ထိုင်းမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့နိုင်ငံသားတွေကို ပြုလုပ်ပေးတာဖြစ်ပြီး CI စာအုပ်ကသက်တမ်း လေးနှစ်ရှိကြောင်း ၊ CI စာအုပ်ကိုင်ဆောင်ထားသူတွေဟာ သက်တမ်းနှစ်နှစ်ပြည့်ပါက CI ကနေ PJ ကိုပြောင်းခွင့်ရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
