ဆူးငှက်
ဘူဒိုဇာ ကားအောက် ခေါင်းထိုးခံဖို့
————————————
ကျွန်တော့် “သူတို့အိမ်” ပရိသတ်က သရက်ကုန်း ကွင်းအမှတ် ၄၉၂ အတွင်းရှိ လယ်တောအိမ်လေးအတွက် ဘယ်အခြေအနေရောက်ပြီလဲ ဟု ဆိုကာ စိုးရိမ်နေကြသည်။ ဟုတ်တာပေါ့၊ ရှေ့မှာ ခါးတောင်းကျိုက်ပြီး ကြိုးစားလိုက်ရတာက အဖုအထစ် အခက်အခဲတွေတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ကျွန်တော့်မိတ်ဆွေကောင်း ကိုလင်း၏ မိခင်ကြီးက ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေးပေးစာလည်း ပို့ထားသည်။ ကွက်သစ်ဖော်ထုတ်ရေး ကော်မီတီ အတွင်းရေးမှူး ဖြစ်သူ ကျွန်တော့် မိတ်ဆွေ ဌာနမှူး နှင့်လည်း ပြောဆိုပြီးပြီ။ သို့သော် အဖြူ အမည်းက မသဲကွဲသေးပေ။ ကျွန်တော်တို့ ဘက်က ရှေ့ဆက် လိုက်စရာလည်း မရှိတော့။
တစ်နည်းပဲ ကျန်တော့၏။ ဦးတက်တိုး ပြောသလို ရပ်ကွက်ထဲ ဝင်လာမည့် ဘူဒိုဇာ ကားအောက် ခေါင်းထိုးခံဖို့ပဲ ဖြစ်သည်။ ဒီနည်းလမ်းမှာ ကျွန်တော် ကိုယ်တိုင်လည်း သတ္တိနရှိ။ ရပ်ကွက်ထဲကလည်း ဘယ်သူမှ အရဲစွန့်မှာ မဟုတ်။ သည်တော့ အခြေအနေကို စောင့်ကြည့်ရုံပဲဖြစ်သည်။
(က)(ခ)(ဂ)(ဃ) အုပ်စု ၄စုတဲ့
——————————–
ထိုသို့ စောင့်ကြည့် နေရင်း ကြုံကြိုက်လို့ မိတ်ဆွေ ဌာနမှူးကို အကျိုးအကြောင်း မေးကြည့်တိုင်း “ ကိုဆူးက ပူစရာ မလိုပါဘူးဗျ၊ စိတ်အေးအေး ထားပါချည်း ပြောနေတော့ ရှေ့ဆက်လည်း မေးစရာမရှိပြီ။ စိတ်အေးအေး ထားပါ ဆိုတာကလည်း ဘာမှန်းမသိ။ သို့သော် ရပ်ကွက်ထဲမျာက သတင်းအမျိုးမျိုး ဖြစ်နေသည်။ ရပ်ကွက်ထဲက အိမ်မြေကွက်တွေကို အတန်းအစား ခွဲလိုက်သတဲ့။ (က) အုပ်စု၊ (ခ)အုပ်စု၊ (ဂ) အုပ်စု၊ (ဃ) အုပ်စုတဲ့လေ။ (က) အုပ်စုက ဂရန်ရှိ လူနေ၊ (ခ) အုပ်စုက ဂရန်ရှိ လူမနေ၊ (ဂ) အုပ်စုက ဂရံမရှိ လူနေ၊ (ဃ) အုပ်စုက ဂရန်မရှိ လူမနေတဲ့။ သည် (က)(ခ)(ဂ)(ဃ) အတိုင်း ဦးစားပေးစဉ်းစားမှာတဲ့။ သည်လိုဆိုရင်ဖြင့် ကျွန်တော်က (ဂ) အုပ်စုထဲမှာပါသည်။ ကျွန်တော့်နေရာက ဂရန်မရှိ လူနေလေ။ ကျွန်တော်တို့ ဆင်လမ်းမတလျှောက်က (ဂ) အုပ်စုမျာသည်။ ဒေါ်မြစံလည်း (ဂ)၊ ကျွန်တော်လည်း(ဂ)၊ ဦးမျိုးခင်လည်း (ဂ) တွေ ဖြစ်သည်။ သည်လိုဆိုရင်ဖြင့် ကျွန်တော်တို့ မျှော်လင့်ချက်က ၅၀ – ၅၀ ပဲရှိသည်။
ဤသို့ဖြင့် ယခင်က ကွင်းလွတ်မြောက်ရေးအတွက် စိတ်တူကိုယ်တူ ပူးပေါင်းခဲ့ကြသူများထဲက (က) အုပ်စုသမားများက ဒို့က စင်ပေါ်ကလေ ဟုဆိုကာ လက်မထောင်၍ ယပ်ခပ်နေကြပြီ။ အလားတူ (ခ) အုပ်စုသမားများကလည်း ဒို့က အနည်းဆုံး ပေ ၃၀×ပေ ၄၀ တော့ ရမှာပဲလေ ဟုဆိုကာ ကျွန်တော်တို့ကိုပင် မမြင်ချင်ယောင် ဆောင်နေကြသည်။ (ဃ) သမားများက ရှင်းသည်။ သူတို့ ရထားသော မြေမှာ လာလည်းမနေ၊ တချို့က သည်မြေ ရှိမှန်းပင် မသိ၊ ဦးနှောက်ခြေက်ခံ၍ ခေါင်းထဲပင်မထည့်၊ ပူစရာမလိုသူများဖြစ်သည်။ ကျွန်တော်တို့ မြေကိစ္စနှင့် ရန်ကုန်ဆင်းဖို့ အလှူခံသွားတော့ ခြံတံခါးဝကနေ အိမ်ဖော်ကို လွှတ်ကာ သရက်ကုန်းမြေဆိုရင် နောက်ထပ် တစ်ပြားမျ အကုန်ခံစရာမလိုပါဟု ပြောခိုင်းသူများဖြစ်သည်။ အခုတော့ မြောက်သစ်ကိုင်းလွတ်သလို ဖြစ်နေတာက ကျွန်တော်တို့ (ဂ) အုပ်စုပဲ ဖြစ်သည်။ နေစရာမရှိလို့ သည်မှာလာနေသည်။ ဂရန်ကလည်းမရှိ၊ သိမ်းမယ်ဆည်းမယ် ဆိုတုန်းက ထောင်မကြောက ်တန်းမကြောက် ရှေ့ဆောင်ခဲ့သူများဖြစ်သည်။ သည်နေရာတွင် ဂရန်ဆိုသည်မှာ အရပ်ခေါ် တောဂရန်ပဲ ဖြစ်ပါ၏။ ပုသိမ်ကြီး ဂရန်ပေါ့လေ။
ဆိုက်ကားပေါ်က ၂၀၀တန် စာရွက်
————————————-
မှတ်မိပါသေးသည်။ ကျွန်တော်က သည်မြေလေးဝယ်အပြီး ရွှံ့ထဲ ဗွက်ထဲ ဝင်းထရံခတ်နေစဉ် မြောက်ဘက် လမ်းက ဆိုက်ကားတစ်စီး ဝင်လာသည်။ ဆိုက်ကားပေါ်မျာ လူတစ်ယောက် ထိုင်လိုက်လာသည်။ သူ့ရင်ခွင်မှာက မိုးကာအိတ်တစ်လုံးကို ပွေ့ထား၏။ မိုးကြောင့် ခချော်ခချွတ်လမ်းက ဗွက်ပေါက်နေတော့ ဆိုက်ကားက ရှေ့တိုးလို့ မရတော့ပေ။ ကျွန်တော်က ဝင်းထရံခတ်နေသည့် ကိုမြင့်မောင်ကို စကားပြောနေစဉ် ဆိုက်ကားကလည်း ရှေ့တိုးလို့ မရသောကြောင့် ရပ်လိုက်ပြီး ဆိုက်ကားဆရာနှင့် ထိုင်လိုက်သူ စကားပြောနေတာ တွေ့ရသည်။ စကားပြောသည် ဆိုတာထက် ထိုင်လိုက်သူက ဆိုက်ကားဆရာကို လက်ညှိုးတထိုးထိုးနှင့် ပြောနေသည်။ ကြည့်ရတာက ထိုင်လိုက်သူသည် အတော်မူးနေသည့်ပုံ ဖြစ်သည်။ စကားပြောနေရင်း ယိုင်ထိုးကာ နောက်သို့လန်လန်ကျနေ၏။ ခဏနေတော့ သူပိုက်ထားသော မိုးကာအိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်သည်။ အိတ်ထဲက ဘောလ်ပင်တစ်ချောင်းယူသည်။ စာရွက်ပေါ် တစ်စုံတစ်ခု ရေးနေသည်။ ထို့နောက် လက်မှတ်ထိုးလိုက်သည့် ပုံစံ မြင်လိုက်သည်။ ထိုစာရွက်ကို ဆိုက်ကားဆရာထံ ပေးပြီး ကျွန်တော်ဘက် ညွှန်ပြနေသည်။ ထို့နောက် ဆိုက်ကားဆရာက ယိမ်းထိုးယိမ်းထိုးနှင့် လာသည်။
ကျွန်တော့်ရှေ့ရောက်တော့ ဒီအကွက်ပိုင်ရှင်လား ဟု မေး၏ ကျွန်တော်က ဟုတ်သည်လည်းမပြော၊ မဟုတ်ဘူးဟုလည်း မပြော “ဘာကိစ္စရှိလို့လဲ” ဟု ခတ်ငေါက်ငေါက်မေးလိုက်သည်။ သည်တော့ ဒီမြေကွက်နဲ့ ပတ်သက်တဲ့ ဂရန်စာရွက်ပါ။ စာရွက်ထုတ် နှစ်ရာ ပေးပါဟု အရက်နံ့ တထောင်းထောင်းနှင့် စကာလုံးပင် မပွမသနှင့် ပြောရင်း စာရွက်ကို ဇွတ်ထိုးပေးသည်။ မိတ်ဆွေများခင်ဗျား.. ကျွန်တော်သည် ဆိုက်ကားပေါ်ကနေ အရက်မူးနေသူ တစ်ယောက်ထံမှ ချက်ချင်း လက်မှတ်ထိုးပေးသည့် စာရွက်ကို ဂရန်ဟု ယုံကြည်စွာဖြင့် အရက်ဖိုး နှစ်ရာ ထုတ်ပေးလောက်အောင် မနုံ မအ ခဲ့တာ သေချာပါသည်။ သို့သော် အခု အုပ်စုများခွဲတော့ (က) အုပ်စု၊ (ခ)အုပ်စုအဖြစ် ခွဲခြားရာတွင် အဓိက ကျနေသည်က ပုသိမ်ကြီးကျောက်တိုက်တွင် လက်ခံမရှိသော ထိုစာရွက်များဖြစ်နေတော့သည်။ မတတ်နိုင်။
တပ်ပေါင်းစု ပြိုကွဲခြင်း
————————–
သည်တော့ သရက်ကုန်း မြေက အတော်ဇာတ်ရှုပ်သွားပါပြီ။ အစက ဘက်တစ်ဘက်ထဲတွင်ရှိကာ စုစုစည်းစည်းနှင့် (ကြီးကြီးကျယ်ကျယ် ပြောရလျှင်) တိုက်ပွဲဝင်ခဲ့ကြသူတွေကို မွှေနှောက်ပစ်လိုက်သည်။ ထို့နောက် မခိုင်မာသည့် စာရွက်များကို အကြောင်းပြကာ အုပ်စု ၄စုခွဲလိုက်သည်။ သည်တော့ ပြိုကွဲသွားသည်။ မညီညွတ်တော့၊ (ထပ်၍ ကြီးကြီးကျယ်ကျယ် ပြောရလျှင်) ညီညွတ်သော တော်လှန်သည့် တပ်ပေါင်းစု ကွဲသွားပြီ။
(က)အုပ်စုက အာဏာပိုင်နှင့် ပေါင်းသွားသည်။ (ခ)အုပ်စုက အာဏာပိုင်နှင့် အပေးအယုလုပ်မည်။ (ဃ)အုပ်စုက ကိုယ်လုပ်မှ ကိုယ်စားရမှာ အုတ်နံရံ ခေါင်းနဲ့ ပြေးမဆောင့်ပေါင် နေသာသပ၊ လေညာက အုပ်စု ဖြစ်သည်။ ကိုင်း.. ဆက်လက်၍ တိုက်ပွဲဝင် အလံလွှင့်ကြရမှာက (ဂ) အုပ်စုပဲ ရှိတော့သည်။ သည်အုပ်စုကလည်း ဒို့လူလေးများဆိုသလေ ဟု တိုင်လိုက်လျှင်သော်မှ တော်သလိုလျော်သလို ကြည့်လုပ်ကြတာပေါ့ လောက်ပဲ လေသံယဲ့ယဲ့ ကျန်တော့သည်။ ကျွန်တော်တို့ ဦးမျိုးခင်တို့လည်း အခြေအနေစောင့်ကြည့်ကြသေးတာပေါ့ဟု ဆိုကာ နားစွင့်သည့် အလုပ်ပဲ လုပ်နေရသည်။
အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ
——————————————
ကျွန်တော်ကတော့ ကိုယ်တာဝန်ယူထားသည့် မီဒီယာလုပ်ငန်း ရုံးခွဲမှာ စနေတနင်္ဂနွေပင် မနားဘဲ ညအိပ်ချိန်မျ အိမ်ပြန်ဖြစ်နေတော့ ရပ်ကွက်သတင်း ရပ်ကွက် အခြေအနေကို မသိသလောက်ပဲ ဖြစ်နေသည်။ (က) အုပ်စု၊ (ခ)အုပ်စုတွေကတော့ ရပ်ကွက်ထဲ တလွှားလွှားပေါလေ။ သည်ရက်ပိုင်းမှာပဲ အနုပညာအလုပ်တစ်ခုကို မထင်မှတ်ဘဲ ကွန်တော် လုပ်လိုက်ရပြန်သည်။ မှတ်မှတ်ရရ ၂၀၀၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ ဒေါ်ဒေါ်လူထုဒေါ်အမာ၏ ၉၀ ပြည့်မွေးနေ့ပွဲမှာပေါ့။ ထို မွေးနေ့က ၉၀ ပြည့်မို့ လူအတော်စုံသည်။
ရန်ကုန်က အဲယားကွန်း ဘတ်စ်ကားကြီးများနှင့်ပင် စု၍ လာကြ၏။ ထိုသို့လာကြသည့် ဧည့်သည်များနှင့် မွေးနေံအခမ်းအနားမစတင်မီ တောင်လေးလုံးကျောင်း အဝင်စက စက္ကူပန်းရုံအောက်မှာ အစုလိုက် တိုးဝှေ့ကာ အပြေးအလွှား နှုတ်ဆက်ကြ စကားပြောကြရ၏။ သည်တွင် ကျွန်တော်လည်း အများနည်းတူ အနယ်နယ်က ဆရာများဆရာမများကို နှုတ်ဆက်ရင်း စကားတွေ ပြောနေတော့ ကျွန်တော့် လက်မောင်းကို တစ်ယောက်က လာကိုင်လိုက်သည်။
ဆူးငှက်
