မမြဆည် မြေသားတမံဘောင် ထပ်မံပြိုကျလို့ စိုးရိမ်ရတဲ့ရွာ ၁၃ ရွာလောက် အရေးပေါ်ရွှေ့ပြောင်း

အောက်တိုဘာ ၁၁ ၊ ၂၀၂၆
CC (VOM)
ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်နားက မမြဆည်အပြင်ဘက် တမံဘောင်မြေသား ထပ်မံပြိုကျသွားတာကြောင့် ဆည်အောက်က ကျေးရွာ ၁၃ ရွာလောက် ဒီမနက်ပိုင်းမှာ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
မမြဆည်တမံဘောင်မြေသားဟာ မနေ့က ပေ ၂၀၀ အကျယ် လောက်ပြိုကျခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းမှာ မြေသားထပ်ပြိုကျသွားတာကြောင့် မြေပြင်နဲ့ ရေက လေးပေးလောက်အကွာပဲ ကျန်တော့တယ်လို့ သိရပါတယ်။
ဒါကြောင့် မမြဆည်အခြေအနေက စိတ်ချရတဲ့အခြေအနေမှာမရှိတဲ့အတွက် ဆည်အောက်က ရေနစ်နိုင်တဲ့ရွာတွေ အရေးပေါ်ထပ်မံရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်။
“စိတ်မချလို့ ယာယီရွှေ့ပြောင်းနေကြတာ ရှိပါတယ်။ မနက်ကတည်းက ပြောင်းရွှေ့တိုးလာနေပါတယ်။ စာရင်းမငြိမ်သေးပါဘူး။ခုအခြေအနေကတော့ ရေပိုလွှဲကနေလည်း ရေဆက်ထုတ်နေတယ် ရေလျာ့ကျလာတဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး။တကယ်လို့ မိုးရွာရင်တော့ တမံမြေသားက ပိုအိကျသွားပြီး ရုတ်တရက် ရေကပွင့်ထွက်သွားနိုင်တာပေါ့။ အခုရေထုတ်တာလည်း အတန်သင့်တော့လျော့နေပါပြီ။ ဆည်က အခုပုံတွေမှာမြင်ရတဲ့အတိုင်းပဲ ဒီနေ့မနက် ထပ်ပြိုကျသွားတယ်။ ရေပြင်နဲ့သိပ်မဝေးတော့ဘူး ။ရေထုတ်တာကလည်း သတ်မှတ်ရေမျက်နှာပြင် ၃၀၀ လောက်အထိလျှော့လို့ရမယ် သိရတယ်။ အခုကတော့ ရေကိုထိန်းလွှတ်ပေးနေတယ်။ ” လို့ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက ပြောပါတယ်။
လက်ရှိမှာ တမံဘောင်ပြိုကျနေရာကနေ တမံကျိုးပြီး ရေကန်ထွက်လာခြင်းမရှိအောင် ရေဝိတ်လျှော့ လုပ်ငန်းကို ဆောင်ရွက်နေရာ အခု ရေလှောင်တမံရဲ့ ရေပိုလွှဲကိုချဲ့ကာ အကျယ်ပေ ၂၀ ၊ အနက် ၈ ပေကနေ ရေထုတ်လွှတ်နေဆဲဖြစ် တယ်လို့ သိရပါတယ်။
ဆည်ထဲကနေ ထုတ်လွှတ်လိုက်တဲ့ရေတွေက ရေဝေါချောင်း နဲ့ မမြချောင်းထဲကို စီးဆင်းပြီး အဲဒီကမှတဆင့် ငဝန်မြစ်ထဲကို စီးကြောင်း ၊ လက်ရှိအထိတော့ ဆည်ကနေ ရေကိုထိန်းလွှတ်ပေးနေတဲ့အတွက် ရွာတွေနဲ့ သီးနှံစိုက်ခင်းတွေထဲ ရေဝင်ရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိသိရသလောက်တော့ မရွေးကုန်းကျေးရွာအုပ်စု နဲ့ လက်ပံကွင်းကျေးရွာအုပ်စုက ကျေးရွာ ၁၃ ရွာလောက်က ဒေသခံတချို့ ထပ်မံရွှေ့ပြောင်းမှုရှိပြီး တချို့ကလည်း.နေအိမ်မှာပဲ ဆက်နေပြီး အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။
” မမြချောင်းအတွင်းမှာ ရေက ကမ်းတဝက်ခန့်သာ စီးဆင်းနေတယ်။မိုးကြီးကြီးမရွာရင် မစိုးရိမ်ရပေမယ့်လည်း မိုးရွာမယ်ဆိုရင်တော့ slide ဖြစ်ထားတဲ့နေရာက မြေသားတွေက မိုးရေနဲ့အတူမျောပါပြီး ရိုးမမိုးရေထပ်တိုးဝင်လာရင်တော့ မဖြစ်စေချင်တာတွေ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။” လို့ ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာ.မမြဆည်တမံဘောင်က ၆ လက်မလောက် အက်ကွဲကြောင်းစတင်ဖြစ်ခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့ည ၁၂ နာရီမှာတော့ တမံဘောင်မြေသားပြိုကျခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာ တမံဘောင်မြေသား အကျယ်ပေ ၂၀၀ နဲ့ အနက် ၃၀ လောက်အထိပြိုကျခဲ့ပါတယ်။
လက်ရှိမှာ ဆည်ကျိုးပေါက်ပါက အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကနေ ပြည်သူထောင်နဲ့ချီပြီး ကုန်းမြင့်နေရာတွေရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်ခြံဝန်းတွေကို ယာယီရွှေ့ပြောင်းနေကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ရေလှောင်တမံ ရေပြင်အမြင် ၃၁၅ ပေရှိတာကို ရေပြင်အမြင့် ၃၀၅ ပေအထိ နိမ့်ကျစေရန် ရေပိုလွှဲကနေ ရေထုတ်လွှတ်နေသလို ပြိုကျခဲ့တဲ့ မြေသားတမံနေရာကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ စီစဥ် နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

✕
VOM News

FREE
VIEW