ဆိုလာတပ်ဆင်ရန် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အခက်အခဲတွေ ရှိလာနိုင်

အောက်တိုဘာ ၁၂ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်းအတွင်းရှိ အဆောက်အအုံတွေမှာ ဆိုလာစနစ် (Solar System) မဖြစ်မနေ ထည့်သွင်း တပ်ဆင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တာတွေကြား အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဓာတ်လှေကား ပါဝင်တဲ့ အထပ်မြင့်နဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေ အားလုံး လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ဆိုလာစနစ် တပ်ဆင်ရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ညွှန်ကြားထားပါတယ်။
“အရင်ကတည်းက သံချောင်း၊ ဘိလပ်မြေစျေးတွေ တက်နေလို့ အခြေအနေ မဟန်တာ။ အခု ဆိုလာပါ မဖြစ်မနေ တပ်ရမယ်ဆိုတော့ ကုန်ကျစရိတ်က မတွေးရဲစရာဘဲ။ စျေးကွက်ထဲမှာ ပစ္စည်းစျေးကလည်း တက်၊ အင်ဗာတာနဲ့ ဘက်ထရီဖိုးတွေပါ ပေါင်းလိုက်ရင် အဆောက်အအုံ တလုံးချင်းစီရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်က သိသိသာသာ မြင့်တက်သွားပြီ” လို့ လိုင်စင်ရ ကန်ထရိုက်တာတယောက်က ပြောပါတယ်။
လတ်တလော စျေးကွက်အတွင်းမှာလည်း ဆိုလာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက ဆိုလာပြားတချပ် ကျပ် ငါးသိန်းခွဲဝန်းကျင်သာ ရှိခဲ့ပေမယ့် လတ်တလောမှာတော့ ကျပ် ကိုးသိန်းနီးပါးအထိ စျေးနှုန်းနှစ်ဆနီးပါး ထိုးတက်သွားတယ်လို့ သူက ပြောပါတယ်။
အသစ်ဆောက်လုပ်ဆဲ အဆောက်အအုံတွေသာမက အရင်ကတည်းက ဆောက်လုပ်ပြီးစီးပြီး လူနေထိုင်ခွင့် (BCC) တင်ဖို့ ပြင်ဆင်နေတဲ့ အဆောက်အအုံဟောင်းတွေပါ နိုဝင်ဘာ ၁ ရက်နောက်ပိုင်း ဆိုလာ တပ်ဆင်နိုင်ခြင်း မရှိခဲ့ပါက လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
YCDC ရဲ့ အသိပေးချက်အရ ဓာတ်လှေကားနဲ့ အရေးပေါ် မီးအလင်းရောင်စနစ်တွေ အသုံးပြုနိုင်ဖို့အတွက် လုံလောက်တဲ့ ဆိုလာစနစ် ထည့်သွင်းရမယ်လို့ သိရပြီး စီးပွားသုံး အဆောက်အအုံတွေမှာလည်း YESC လျှပ်စစ်မီးနဲ့မျှပြီး သုံးစွဲနိုင်ဖို့ ဆိုလာစနစ် ထည့်သွင်း ဆောင်ရွက်ရမယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် Roof Slab တွေမှာ တပ်ဆင်မယ်ဆိုပါကလည်း လက်ခံတိုင်အမြင့်ကို အမြင့်ဆုံး Parapet height ၃ ပေ ၆ လက်မကနေ ၃ ပေ ၄ လက်မ Solar company specification အတိုင်း တပ်ဆင်မယ့် အချပ်ရေနဲ့ angle ပေါ်မူတည်ကာ ခေါင်တိုင်အမြင့်ကို အမြင့်ဆုံး ၈ ပေ (သာမန် အဆောက်အအုံ) ဆောင်ရွက်ဖို့နဲ့ အဆောက်အအုံရဲ့ အမိုးနယ်နမိတ်မှ ပတ်ပတ်လည် အနည်းဆုံး ၁ ပေခွာပြီး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ဓာတ်လှေကားနဲ့ အရေးပေါ်မီးတွေအတွက် အသုံးပြုနိုင်ဖို့ ပါဝါကြီးမားတဲ့ ဆိုလာစနစ်တွေ တပ်ဆင်ရမှာဖြစ်ရာ အထပ်မြင့် အဆောက်အအုံတွေရဲ့ ခေါင်မိုးဧရိယာ အကျယ်အဝန်း ကန့်သတ်ချက် ရှိနေခြင်း၊ စနစ်တကျ ဒီဇိုင်းဆွဲ တပ်ဆင်နိုင်မယ့် ကျွမ်းကျင်ပညာရှင် ရှားပါးခြင်းနဲ့ ကာလတိုအတွင်း အပြီးတပ်ဆင်ဖို့ အချိန်မလောက်ငှခြင်း စတဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ဒီဇိုင်းဆွဲထားတာမှာ မပါတဲ့ အချက်တွေကို ပြန်ပြင်ရမလို ဖြစ်နေပြီ။ ပေးတာတဲ့ရက်ကလည်း အရမ်းနည်းတယ်။ လက်ရှိ ဆောက်လုပ်ရေး လောက ဆိုတာကလည်း အားလုံးသိတဲ့အတိုင်း စီးပွားရေး အကျပ်အတည်းတွေ၊ ငွေကြေးဖောင်းပွမှု ဒဏ်တွေနဲ့ ရင်ဆိုင်နေကြရတာ။ လုပ်ငန်း ကောင်းကောင်းလည်ပတ်နိုင်ဖို့ ရုန်းနေရတဲ့အချိန်။ ဒီညွှန်ကြားချက်အတိုင်းဆို စရိတ်စကတွေ ပိုပြီးကုန်ကျရမှာ။ အသေးစား၊ အလတ်စား ကန်ထရိုက်တာတွေဆို လုပ်ငန်း ဆက်ပြီး လည်ပတ်နိုင်ဖို့ ခက်သွားနိုင်တယ်။ စီမံကိန်းတချို့ ရပ်ဆိုင်းထားရမယ့် အခြေအနေအထိ ဆိုက်ရောက်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ဓာတ်လှေကားအတွက် အသုံးပြုနိုင်ဖို့ သာမန်စနစ်မျိုးနဲ့ မရဘဲ စနစ်တကျ တွက်ချက်ထားတဲ့ လုပ်ငန်းသုံး (Industrial/Commercial Grade) ဆိုလာစနစ် ဖြစ်ရမယ်လို့ ကျွမ်းကျင်ပညာရှင် တယောက်က ပြောပါတယ်။
ဓာတ်လှေကား မော်တာ စတင်လည်ပတ်ချိန်မှာ ပုံမှန်ထက် လျှပ်စစ်စွမ်းအား ၃ ဆခန့် ပိုမိုဆွဲယူလေ့ရှိတာကြောင့် အင်ဗာတာ ဝပ် (Watt) ပမာဏ အဆမတန် ကြီးမားရန်လိုအပ်ပြီး ဥပမာအားဖြင့် ဓာတ်လှေကား 5 kW သုံးပါက အင်ဗာတာက အနည်းဆုံး 15 kW နဲ့အထက် (ဒါမှမဟုတ်) High Peak Surge ခံနိုင်တဲ့ အမျိုးအစား ဖြစ်ရမယ်လို့ သူက ပြောပါတယ်။
မိုးရွာတဲ့ရက် (ဒါမှမဟုတ်) ညဘက်တွေမှာ ဓာတ်လှေကား ပုံမှန်အတိုင်း အတက်၊ အဆင်း ပြုလုပ်နိုင်ဖို့ မြင့်မားတဲ့ လျှပ်စီးလှိုင်းကို ထုတ်လွှတ်ပေးနိုင်တဲ့ Lithium ဘက်ထရီ (ဥပမာ – 48V/51.2V 280Ah/300Ah အထက်) အမျိုးအစားကို တွဲဖက် အသုံးပြုရမယ်လို့ သူက ပြောပါတယ်။
“လျှပ်စစ်မီး လုံးဝ ပျက်ချိန်မှာပါ ဓာတ်လှေကား မောင်းနှင်နိုင်ဖို့ဆိုရင် Off-Grid (ဒါမှမဟုတ်) Hybrid ဆိုလာစနစ်ကို သုံးရမှာပါ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေအနေနဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနိုင်ဖို့အတွက်ကို သက်ဆိုင်ရာ ဆိုလာကျွမ်းကျင် ပညာရှင်တွေနဲ့ သေသေချာချာ တိုင်ပင် တွက်ချက်ပြီးမှသာ အဆောက်အအုံအလိုက် မီးအားလိုအပ်ချက်ကို ဒီဇိုင်းဆွဲသင့်တယ်” လို့ သူက ပြောပါတယ်။
ဓာတ်လှေကားနဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေအတွက် မောင်းနှင်နိုင်မယ့် လုပ်ငန်းသုံး ဆိုလာစနစ် (Commercial Solar System) တခုဟာ ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ကုန်ကျနိုင်ပြီး အရင်ကတည်းက စာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်ဆဲ ပရောဂျက်တွေအတွက်တော့ အခုလို ကုန်ကျစရိတ် ထပ်မံတိုးမြင့်လာခြင်းဟာ ကန်ထရိုက်တာတွေနဲ့ အိမ်ရှင်တွေကြား ဘတ်ဂျက် အငြင်းပွားမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နည်းပညာနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အကန့်အသတ်တွေလည်း ရှိနေနိုင်ပြီး ဆိုလာတပ်ဆင်ဖို့အတွက် ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ အဆောက်အအုံဟောင်းတွေနဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေမှာ ဆိုလာပြားတွေ တင်နိုင်ဖို့ အမိုးဧရိယာ လုံလောက်မှု မရှိခြင်း၊ ဝါယာကြိုးလိုင်းတွေ ပြန်လည်ပြင်ဆင်ရ ခက်ခဲခြင်းနဲ့ မိုးပျံဝရန်တာ ပုံစံတွေကြောင့် ဆိုလာတပ်ဆင်ဖို့ နေရာအခက်အခဲတွေ ဖြစ်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုနဲ့ ဈေးကစားခံရနိုင်ခြေတွေလည်း ရှိလာနိုင်ပြီး လက်ရှိ သတ်မှတ်ရက်မှာ တလပင် မပြည့်တော့တဲ့အတွက် ရန်ကုန်မြို့အတွင်းရှိ အဆောက်အအုံ အများအပြား တပြိုင်နက် ဆိုလာဝယ်ယူ တပ်ဆင်ဖို့ ကြိုးပမ်းလာကြနိုင်တာကြောင့် ဈေးကွက်အတွင်း အရည်အသွေးမီ ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ကာ ဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချမှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW