မန္တလေးမှာ အနုကြမ်းစီးခံရပြီး မိသားစုလိုက် သုံးလောင်းပြိုင် သတ်ဖြတ်ခံရ

ဧပြီ ၊ ၁၂ ၊ ၂၀၂၄
SP(VOM)
မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ နယ်၊ညောင်ကွဲရပ်ကွက်၊အောင်သပြေရပ် ၊ ၁၀ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ၊အကွက်အမှတ် ၊ ၄၁၅ မှာနေထိုင်တဲ့ နေအိမ်တလုံးမှာ ဧပြီ ၁၁ ရက် မနေ့က ညနေပိုင်း ၇ နာရီဝန်းကျင်မှာ မိသားစုလိုက် သုံးလောင်ပြိုင် အသတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“အဲ့ဒီ နေအိမ်မှာ နေတဲ့ မိသားစုဝင်သုံးယောက်ဆီကို သူတို့အမျိုးတွေက ဖုန်းခေါ်ဆိုတဲ့အခါ ၊ တယောက် မှ ဖုန်းမကိုင်းတာကြောင့် ၊ အိမ်သွားကြည့်တဲ့အခါ ၊ မသင်္ကါဖွယ်ရာ တံခါးသော့ခတ်ထားထားတာကိုတွေ့ရတယ် ၊ အဲ့ဒါနဲ့ သူ့အမျိုးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ခတ်ထားတဲ့ တံခါးကို သော့ဖျက်ပြီး အိမ်ထဲကိုဝင်ရောက်တဲ့အခါ ၊ အိမ်ထဲမှာ မိသားစုဝင် သုံးယောက်စလုံး သတ်ခံထားရတာကို တွေ့တယ် ၊ သေဆုံးပုံ အနေအထားက နေအိမ်ရှေ့မှာ ရှိတဲ့ အိပ်ခန်းထဲမှာ သားဖြစ်သူ ကိုထက်လင်းစိုး ( ၄၀ နှစ်ခန့်အရွယ်) ဆိုသူက ဦးခေါင်း ပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးနေတယ် ၊ နောက်ပြီး နေအိမ် နောက်ခန်းထဲမှာ မိခင်ဖြစ်သူ ဒေါ်မြသန်း (၆၀ နှစ်ခန့်အရွယ်) ဆိုသူက ဦးခေါင်း ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတယ် ၊ အဲ့ဒီအပြင် ဖခင်ဖြစ်သူ ဦးမြင့်စိုး ( ၆၀ နှစ်ခန့် အရွယ်)ဖြစ်သူက နေအိမ်နောက် ရေချိုးခန်းထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ မှောက်လျက် သေဆုံးနေတာကို တွေ့ရတယ် ၊ သေဆုံးသူ သုံးယောက်စလုံးက မိသားစုဝင်တွေ ဖြစ်ကြတယ် ၊ အိမ်တွင်း ပစ္စည်းပျောက်ဆုံးမှု အခြေအနေကတော့ သက်ဆိုင်ရာက စီစစ်နေဆဲဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် အခင်းဖြစ်နေအိမ်ရဲ့ အိမ်နီးဝန်းကျင်တယောက်က ” အဲ့ဒီအိမ်မှာက သားအမိ ၊ သားဖ သုံးယောက်နေကြတယ် ၊ သမီးနှစ်ယောက်က ဂျပန်မှာ အလုပ်သွားလုပ်ကြတယ် ၊ အနုကြမ်းစီးပြီး လူသတ် ပစ္စည်းယူတာမျိုးဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ အောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေ ပြောင်းလဲပေါ်ပေါက်ပြီး နောက်ပိုင်း နိုင်ငံအဝှမ်း ဓားပြတိုက်လုယက် လူသတ်မှု ဖြစ်စဥ်တွေ အဖြစ်များလာသလို ၊ ဓားပြပစ်ခတ်သတ်​​ဖြတ်လို့ သေဆုံးသူတွေလည်း များပြားလာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၂ဝ ရက် ၊ ည ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ “ချမ်းမြေ့သုခ” ကုန်စုံဆိုင်ဓားပြတိုက်ခံရပြီး ၊ ဓားပြက ဆိုင်ရှင်လင်မယား နှစ်ယောက်စလုံးကို တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ပိုင်ရှင် အမျိုးသား သေဆုံးကာ သူ့မိန်းမ ဒဏ်ရာရတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ မေ ၂၆ ရက် ၊ မနက်အစောပိုင်းက မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာမှာနေထိုင်တဲ့ အိမ်ရှင် ဦးညိုမြင့် သူ့မိန်းမ မသီတာမိုး တို့ရဲ့နေအိမ် ဓားပြတိုက်ခံရပြီး ၊ ဓားပြရဲ့ သတ်ဖြတ်မှုကြောင့် အိမ်ရှင်လင်မယား နှစ်ယောက်စလုံး သေဆုံးရပါသေးတယ်။
၂၀၂၁ နိုင်ငံရေး ပြောင်းလဲစဥ်မှုတွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း နိုင်ငံတဝှမ်း ဓားပြမှု ၊ လုယက်မှုဖြစ်စဥ် သုံးရာကျော်ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီထဲက ဓားပြတိုက်ခိုက်လို့ သေဆုံးရသူ လူပေါင်း ငါးဆယ်ကျော်နဲ့ ဒဏ်ရာရသူ ခုနှစ်ဆယ် နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို ဓားပြလုယက် လူသတ်မှုဖြစ်စဥ်တွေ အဓိက ဖြစ်ပွားရာ နေရာဒေသတွေကတော့ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်ဘက်တွေမှာ အဖြစ်များပြီး ၊ ရွှေဆိုင် ၊ ပန်းတိမ်လုပ်ငန်း ၊ ငွေလွှဲလုပ်ငန်းနဲ့ ဘဏ်တွေ ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW