သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိသလို ထိခိုက် သေဆုံးသူတွေရှိနေ



ဧပြီ ၁၅၊ ၂၀၂၄
Shy V(VOM)

ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မနက် သုံးနာရီခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲပြင်းထန်နေပြီး ရွာခံတချို့ တိုက်ပွဲကြားထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာတော့ ပျက်ပြီထင်တယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ရွာခံတွေ တချို့ ပိတ်မိနေတုန်း။ ရွာခံတွေက အခုက တနေရာစီရှောင်ကြတာ။ လေယာဉ်တော့ မပါဘူး။ လက်နက်ကြီးပဲ။ ရွာကျောင်းက ပြာကျပြီ။ ရှောင်တဲ့သူတွေက တချို့က ဘာမှ ပါမလာဘူး။ အကုန်ထား ပြေးရတာ။ ရွာမှာ ပိတ်မိနေတဲ့ သူတွေက တအားပစ်နေတော့ ဖုန်းခေါ်တာ မကိုင်ကြဘူး။ အလစ်လာတိုက်တာ။ ဘယ်သူမှ ကြိုမသိဘူး။” လို့ တိုက်ပွဲရှောင်လာတဲ့ ဒေသခံ တယောက်က VOM ကို ပြောပါတယ်။

ရွာထဲမှာ ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့၊ ရွာထဲက အိမ်တွေမှာ တစ်အိမ်ကို ၁၀ ယောက်လောက် အဲလို စုပြီးနေနေကြသလို တခြားရွာက ကျောင်းတွေမှာရော ရှောင်နေကြတယ်လို့ သူက ပြောပါတယ်။

“ရွာထဲက တချို့ ထွက်လာနိုင်ပြီ။ အကုန်ပဲ မဟုတ်သေးတာ။ အခု တစ်ယောက်သေသွားပြီ။ ပေါင်ပြတ်တဲ့သူနဲ့။ ဘယ်နှစ်ယောက် ထိခိုက် ဒဏ်ရာရလဲ တိတိ ကျကျ မသိရသေးဘူး။ အဆက်အသွယ် မမိတာတွေလည်း ရှိသေးတယ်။ သိတဲ့ အစ်ကိုတွေ ထိခိုက်သေဆုံးတော့ စိတ်မကောင်းဘူး။ ဦးဇင်းတစ်ပါးလည်း ပျံလွန်တော်မူပြန်ပြီ။ နေအိမ်တွေ လက်နက်ကြီးထိလို့ မီးလောင်ကုန်ပြီ” လို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးလည်း အဲဒီ ကျောက်မဲလေး၊ သံဘို အနီးဘက်က သရက်ကုန်း ရွာဘက်မှာ ဒီမနက် ၃ နာရီ၊ ၄ နာရီ ဝန်းကျင်ခန့်ကတည်းက လက်နက် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြော
ပါတယ်။

“တိုက်ပွဲ ဖြစ်နေတယ်။ တဒုန်းဒုန်းနဲ့။ အသံတော့ ကြားနေတယ်။ နောင်ချိုမြို့ဘက်တော့ မဟုတ်ဘူး။ ကျောက်မဲလေး၊ သံဘို နဲ့ နီးတဲ့ဘက်။ ဒီမနက် သုံးနာရီ၊ လေးနာရီလောက်ကတည်းက သေနတ်ပစ်ခတ်သံတွေ ကြားနေရပြီ။” လို့ သူက ပြောပါတယ်။

ယမန်နေ့ကလည်း ပြင်ဦးလွင် DSA နဲ့ လူကြီးတွေလာရင် တည်းတဲ့ ကန်တော်လေးဘက်တွေမှာ ရှော့တိုက်ဒုံးတွေ ပစ်ခံရပြီး DSA အနီးက ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျကာ ဘုန်းကြီး ၂ ပါးနဲ့ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး တခြား ၂ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရတဲ့အပြင် ပြင်ဦးလွင် ပြည်သူ့ဆေးရုံ အရိုးဆောင်မှာလည်း လက်နက်ကြီးထိမှန်လို့ ဆေးကုသနေသူတွေ ၆ ယောက်ခန့် ထိမှန်ဒဏ်ရာရထားတယ်လို့ ပြင်ဦးလွင် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းကလည်း DSA ကျောင်းဘက် ရှော့တိုက်ဒုံးတွေ ပစ်ထည့် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# Google

Related posts

Leave a Comment

VOM News

FREE
VIEW