စံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသငါးခုမှာ နေ့အပူချိန်ဆက်တိုးမယ်

ဧပြီ ၂၆ – ၂၀၂၄
SN (VOM)

စံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသတချို့မှာ နေ့အပူချိန်တွေ ဆက်လက် တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့ ဧပြီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နေ့အပူချိန် တိုးလာနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုတို့ဖြစ်ပြီး လက်ရှိ အပူချိန်ထက် ၁ ဒီဂရီ စင်တီဂရိတ် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

“အပူချိန်တွေက အများဆုံးတက်လည်း ၁ ဒီဂရီလောက်၊ လက်ရှိအနေအထားထက် နည်းနည်းလေးပဲတက်မှာပေါ့။ လာမယ့် နှစ်ရက်၊ သုံးရက်လောက်၊ ဧပြီ ၂၆ ရက်ကနေ ၂၈ ရက် အတွင်းမှာပါ။ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ အလယ်ပိုင်းဒေသတွေမှာ အပူချိန် နည်းနည်းလေး ထပ်မြင့်လာနိုင်တယ်” လို့ မိုး/ဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှမ်းပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းအချို့မှာ မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး နေ့အပူချိန်တွေ ကတော့ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် အမြင့်ဆုံး ၅ ဒီဂရီဆဲစီးယပ်စ်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း (အောက်ပိုင်း) မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲစီးယပ်စ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲစီးယပ်စ်မှ ၄ ဒီဂရီဆဲစီးယပ်စ်အထိ ပိုမိုပူပြင်းခဲ့တယ်လို့ သိရပါတယ်။

ကျန်တိုင်းနဲ့ပြည်နယ်တွေဖြစ်တဲ့ ‌နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲစီးယပ်စ် ပိုခဲ့ပြီး ကျန်ဒေသတွေမှာတော့ ပျမ်းမျှအပူချိန်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို အပူချိန်တွေ မြင့်တက်နေတာနဲ့ ပတ်သက်လို့ သတိပြုဆင်ခြင်ရမယ့် အပိုင်းနဲ့ကိုတော့ မိုး/ဇလညွှန်မှူးက “ကျွန်တော်တို့ကတော့ အပူချိန်ကို ၄၀ ၊ ၄၁ အစရှိသဖြင့် ပြောနေတာက ကိရိယာနဲ့တိုင်းလို့ရတဲ့ အပူချိန်ပေါ့လေ။ ဒါပေမယ့် လူတွေခံစားရတဲ့အပူချိန်က ဒီ့ထက်များနိုင်တယ်။ ဘာ့ကြောင့်လဲဆို လက်ရှိ အနေအထားအရ လေထုထဲမှာ ရေခိုးရေငွေ့တွေက အပြည့် ရှိနေတယ်။ လေက လေပူရုံပဲဆို ပြဿနာမရှိဘူး။ ရေခိုးရေငွေ့တွေပါ ပါနေတဲ့အတွက်ကြောင့် လူက ပြုတ်ထားသလို အိုက်စပ်စပ်ကြီး ခံစားရတယ်။ အဲ့ဒီ့ရဲ့ဒဏ်က ချွေးထွက်များတဲ့အခါကျတာ့ ကျန်းမာရေးကို ထိခိုက်တာပေါ့။ နေပူချိန်ပြင်းတဲ့ ၁၀ နာရီ၊ ၁၁ နာရီနောက်ပိုင်း ၃ နာရီခွဲအထိက အပူဆုံးအချိန်တွေပဲ။ အဲ့ဒီ့အချိန်တွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေအတိုင်း လိုက်နာရင်တော့ အဆင်ပြေမှာပါ” လို့ ပြောပါတယ်။

မိုး/ဇလဌာနရဲ့ မနေ့ ဧပြီ ၂၅ ရက်၊ ထုတ်ပြန်ချက်အရ နေ့အပူချိန်တွေဟာ စစ်ကိုင်းတိုင်း (အောက်ပိုင်း) မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်း တိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ဧပြီလရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၄ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၆ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့မှာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့မှာ ၄၅ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်၊ ဂန့်ဂေါမြို့မှာ ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်ဦးမြို့မှာ ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့မှာ ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ရွှေဘိုမြို့မှာ ၄၄ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့မှာ ၄၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေကြောင်းမိုးလေဝသ) နဲ့ ပခုက္ကူမြို့တို့မှာ ၄၃ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့မိုးလေသဌာနတွေရဲ့ ဧပြီလ ၂၅ ရက်နေ့ အပူချိန်တိုင်းထွာချက်တွေအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မကွေးတိုင်း ချောက်မြို့အပူချိန်ဟာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ အဆင့် နံပါတ် ၄ ချိတ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW