ပြည်တော်သာ နှင့် လူချွန်လူကောင်း

 

 

 

ဆူးငှက်

 

သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက် ဖြစ်ပြီး တစ်စုတစ်စည်း တည်းသော အနုပညာရှင်များ ရေဝေးကြာပမာ ဖြစ်ကြရသည်။ ထို့ကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို ထက်အောက် စုန်ဆန် လွင့်ပါးကြရတော့၏။ အစုအစည်း ပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဘက်ကလည်း အုပ်စိုးသူ လူမျိုးခြား၏ယဉ်ကျေးမှုများက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်များသည် ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ် ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပေ။ ရောက်ရာ နေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရသည့် ကာလများပဲ ဖြစ်သည်။ မန္တလေး၌ ကျန်ရစ်သော ဝက်မစွပ် ဝန်ထောက်မင်း၊ လှေသင်း အတွင်းဝန်မင်းစသည်ဖြင့် ပုဂ္ဂိုလ်ကြီးများက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ် ထိန်းသိမ်းထားကြရသည်။

 

 

 

ထိုစဉ်က မဟာဂီတကို လိုက်စား သီဆို တီးခတ်ကြသော လမ်းဘေး အပျော်တမ်း တီးဝိုင်းလေးများ မန္တလေးမြို့၏လမ်းတိုင်း ပြတိုင်းမှာ အနှံ့အပြားရှိခဲ့သည်။ တရုတ်တန်းမှာ ပဲပုပ်တန်းမှာ၊ သင်္ကန်းတန်းမှာ၊ ဆိုင်တန်းများ။ ထို့နောက် ထိုတီးဝိုင်းလေးတွေ အပြန်အလှန် လည်ပတ် ပေါင်းစု တီးမှုတ်ကြရင်း မန္တလေး ဈေးချို၊ အနောက်ဘက် ဆိုင်တန်းရပ်ရှိ ဧရာဝတီစာရေးကြီး ကိုမြသိန်း နေအိမ်၌ ၁၉၂၅ခုနှစ်တွင် အပျော်တမ်း တီးဝိုင်းလေး တစ်ဝိုင်း စုစုစည်းစည်း တည်ထောင် လိုက်ကြတော့၏။ ကိုဘသက်၊ ကိုဘအုန်း၊ ကိုဘငွေ၊ ကိုသန့်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုဘငြိမ်းစသူတို့ စတင်တည် ခဲ့ကြသည့် တီးဝိုင်းလေးကို မောင်ကျော်ညိန်း(ဝါ)ကိုဘငြိမ်းက ‘ဗုဒ္ဓဝေယျာဝစ္စ မြို့မ အပျော်တမ်း တူရိယာအသင်း’ဟု စတင် အမည်ပေးခဲ့သည်။

 

 

 

ဈေးချို အနောက်ဘက် ‘ဆိုင်ဒူးခန်း’ လက်ဖက်ရည်ဆိုင်လေးမှာ မြို့မတူရိယာ အသင်းသားတွေ ချိန်းချက် စုဝေးကြသည်။ အသင်းတည်ရာ ကိုမြသိန်းအိမ်နီချင်းမှ အပေါင်ဆိုင်ပိုင်ရှင် ဦးတော်လုံက အပေါင်ဆုံး အနောက်တိုင်း လေမှုတ် တူရိယာပစ္စည်း များနှင့်အတူ အခြားလေမှုတ် ခေတ်ပေါ် တူရိယာပစ္စည်းများ ဝယ်ယူရန် ငွေကြေးများလည်း လှူဒါန်းသည်။ ဤသို့ဖြင့်စည်းမျဉ်း စည်းကမ်းများ စနစ်တကျ ရေးဆွဲကာ ‘မြို့မတူရိယာအသင်း’ အဖြစ် ၁၉၂၈ခုနှစ်တွင် စနစ်တကျ ဖွဲ့စည်း လိုက်တော့သည်။ ထိုအချိန်မှစ၍ အနောက်တိုင်း တူရိယာပစ္စည်းများကို ကျွမ်းကျင် ပိုင်နိုင်စွာ တီးမှုတ်နိုင်ရန်အတွက် အနောက်တိုင်းတူရိယာများနှင့် ကမ္ဘာ့ဂီတ သင်္ကေတ နည်းပညာများကို ကျွမ်းကျင် တတ်မြောက်ခဲ့သော ကိုဘငြိမ်းသည် ဓားတန်းရပ်မှ ကိုသန့်နှင့်အတူ ပူးပေါင်းဦးဆောင်ကာ အသင်းသားများအား အနောက်တိုင်း ဂီတပညာများ လေ့ကျင့် သင်ကြားပေးခဲ့သည်။

 

 

 

ထို့ပြင် ဥရောပ တေးကြီးဘွဲ့ကြီး ဓာတ်ပြားများကို နားထောင်ရင်း ဓာတ်ပြား အယ်လဘမ်အဖုံး၌ ရိုက်နှိပ်ထားသောရှင်းလင်း ဖွင့်ဆိုချက်များကို ဖတ်သူဖတ်၊ ရှင်းပြသူ ရှင်းပြ၊ တေးသွားအား ပြန်လည် ဖွင့်ရင်း နားစိုက် မှတ်သားသူက မှတ်သားကြရင်း ကိုဘငြိမ်း အပါအဝင် မြို့မအသင်းသားများသည် ဓားတန်းကိုသန့် တိုက်တွင် စုကာ အနောက်တိုင်း ဂီတအား လေ့လာကြ၏။ ခံစားကြ၏။ ရယူကြ၏။ ဗီသိုဘင်၏ ဆင်ဖိုနီ ဓာတ်ပြားများက ကိုသန့် ၊ ကိုငြိမ်း တို့၏ နှလုံးသားထဲ၌ ပူးဝင်သွားခဲ့ပြီ။ သည်ကတည်းက- ”ရွာအုံစေ၊ တိမ်မြေမြနယ်ဆိုင်းလို့လေ၊ အိုရှုတိုင်း ထွေလှတယ်၊  ရွှေသည်း ဆွတ်လွတ်ဖွယ် ဟူသော ‘ဘုံပျံနေနန်း’အစချီ ရာသီဘွဲ့ သီချင်းခံကြီးကို ဆင်ဖိုနီ သြဂတ်စတြာ ပုံစံဖြင့် တင်ပြချင်သည့် အာသီသလည်း သူတို့၏ ရင်၌ စတင်အမြုတေ စုခဲ့သည်။

 

ထိုအချိန်ထိုကာလ ၁၉၃ဝ-၁၉၃၁ ခုနှစ်များက မန္တလေးမှာ ရွှေနန်းသုံး မဟာဂီတကို ပြန်လည် အမွှမ်းတင် ဖော်ထုတ်ခြင်းနှင့် နန်းတွင်းမ မြန်မာသီချင်းကြီး သီချင်းခံများ လေ့လာ လိုက်စားမှု အားကောင်းနေသော ကာလဟု ဆိုရပေမည်။မန္တလေး၌ မဟာဂီတ တက္ကသိုလ်အဖွဲ့ကြီး ပေါ်ပေါက်လာ၏။ ဘီလစ်ကြီး ဦးထင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဦးမောင်မောင်လတ်၊ စိန်ဗေဒါ၊ ဒေါ်စောမြအေးကြည်၊ လှကလေးစိန်၊ ဦးခင်မောင်ဒွေး၊ ဒေါ်ခင်မေ၊ ဆရာထာ၊ ဆရာဘကြီး၊ ဦးဘသင်၊ ဦးစံဝင်း၊ နန်းတော်ရှေ့ဆရာတင်၊ ဦးထွန်းအိုင်၊ ဦးတုတ်၊ ဆရာနွဲ့၊ ဆရာဘကလေး အစရှိသော မဟာဂီတ အစုအဝေးကြီး ကလည်းအားကောင်း ခိုင်မြဲနေသည်။ ထိုအချိန်တွင် ကိုငြိမ်း ပါဝင် စုစည်းခဲ့ကြသည့် မြို့မတူရိယာ အသင်း ကလည်း…

 

 

 

(က) မြန်မာ သီချင်းကြီးများ ဆည်းပူးပျံ့ပွားရေး။

(ခ) ကမ္ဘာသုံး တူရိယာများ လေ့လာ သင်ကြား တတ်မြောက်ရေး။

(ဂ) Music Note အမှတ်အသား ပညာဖြင့် ရေးသားထားသော တူရိယာပညာကို ဆည်းပူး လေ့လာရန်။

(ဃ) ကမ္ဘာ့ ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး။

(င) ရှေးမြန်မာ သီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော music note ပညာဖြင့် ကူးပြောင်းလေ့လာရန်။

(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေး ကူညီရန်။ ဟူသောရည်ရွယ်ချက်များ ချမှတ်ခဲ့သည့် အတွက် မြန်မာသီချင်းကြီးများအား ခေတ်မီ အနောက်တိုင်း တူရိယာပစ္စည်းများဖြင့်ဂီတသင်္ကေတပညာ အသုံးပြုကာ တီးမှုတ်ရေးမှာ ဧရာမ ကနဦး စွန့်စားမှုကြီး တစ်ခု ဖြစ်ခဲ့ပါသည်။

 

 

 

ဤထိုးဖောက် စွန့်စားမှုကြီးအား ကနဦး စမ်းးသပ်မှုအဖြစ် ၁၉၃ဝ ခုနှစ်တွင် အနောက်တောင် ကျုံးထောင့်အနီး သီပေါရုပ်ရှင်ရုံ (ယခုမစိုးရိမ် ရုပ်ရှင်ရုံ)တွင် ကျင်းပသော အမျိုးသမီး သားဖွားမှု ရန်ပုံငွေအလှူပွဲ၌ ‘တောမြိုင်ခြေလမ်း’ ယိုးဒယားသီချင်းကြီးကို ဆိုက်ဆိုဖုန်း၊ ကလယ်ရီနက်၊ ထရမ်းပက်၊ ထရန်ဘုန်း စသော အနောက်တိုင်း တူရိယာပစ္စည်းများဖြင့် ကမ္ဘာ့ ဂီတသင်္ကေတ အသုံးပြုကာ တီးမှုတ်ပြသခဲ့သည်။

 

 

 

၁၉၃၀ ဝန်းကျင်တွင် “မဟာဂီတအသင်းကြီး” ကိုဖွဲ့ပြီး စနစ်တကျ ထိန်းသိမ်းကြ၏။ ထိုအချိန်တွင် အနောက်နိုင်ငံ တေးသွားနှင့် တူရိယာ ပစ္စည်းများက တွင်ကျယ်နေပြီ။ မြန်မာလူငယ်တွေ မျက်စိကျ သွားရည်ယို နေကြပြီ။ သို့သော် မန်္တလေးတွင်မြန်မာ့အနုပညာ အသွေးအသား အဆီ အနှစ်က ဖိန့်ဖိန့်တုန်အောင် အားကောင်းသောကြောင့် ထိုအရသာက ခေတ်လူငယ်များနှလုံးသားထဲ စွဲထင်ကာ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေပြီ။ ထို့ကြောင့် ကိုဘသက်၊ ကိုညိန်း၊ ကိုသန့် စသော ခေတ်ပညာတတ် လူငယ်များ၏ ဂီတသစ်ကို ချဉ်းကပ် သင်ယူ ဖန်တီးကြမူမှာ မြန်မာ့ဂီတ သ‌ေန္ဓက ခိုင်မာပြီးသား ဖြစ်နေသောကြောင့်မျက်စိမှိတ် ပုံတူကူးတာမျိုး မဟုတ်ခဲ့ပေ။ ထို့ကြောင့်လည်း ဒီကနေ့ အထိ မြို့မငြိမ်း၊ ဓားတန်းဦးသန်နှင့် မြို့မတူရိယာအသင်းဟူသည် ခိုင်မာစွာ တည်ရှိနေခြင်း ဖြစ်သည်။ ဂီတသစ်ကို ဖန်တီးသော လူငယ်များ ဖြစ်သော်ငြား ကိုဘသက် တို့၊ ကိုညိန်း တို့၊ကိုသန့် တို့၏ မြို့မတူရိယာအသင်းက စိန်ဗေဒါနှင့် အိမ်နီးချင်းတွေ၊ လက်ရင်းတပည့်တွေ၊ စိန်ဗေဒါညှော်ကို တဝကြီး မိခဲ့ကြသော သူတွေ ဖြစ်ခဲ့သည်။

 

 

 

ရှေးရှေးက မဟာဂီတသီချင်းများကို သီဆိုကြသော ဆရာကြီး ဆရာမကြီးများ၏ ဆိုဟန် ဆိုပေါက်များက အငေါက်အငန်းတွေနဲ့ တောက်တောက်ခါးခါး ပြတ်ပြတ်သားသား ရှိကြရသည်။ ထိုကဲ့သို့ မျိုးဆက်မျိုးက ပေါက်ဖွား ကြီးပြင်းခဲ့ကြသူများ၏ ဂီတနှင့် ဆိုဟန်ဆိုပေါက်က “ဟန်”နှင့် “မာန်”နှင့် “ဌာန်”နှင့်ဟု ပြောလေ့ရှိသည်။ ရှေးရှေး မဟာဂီတ သီချင်းများကိုတီးမှုတ်ကြသော ဆရာ့ဆရာကြီးများကလည်း သူတို့ တီးလုံးတီးကွက်တွေမှာ ဟန်တွေ၊ မာန်တွေ၊ အဆို့တွေ၊ အပိတ်တွေ၊အဆစ်တွေ၊ အသွားတွေ ပါသည်။ “မြို့မ”၏ ထီးချက်စောင့် နတ်ကြီးများကလည်း ရွာစားကြီး စိန်ဗေဒါဆိုင်းရှိရာ တကောက်ကောက် လိုက်ပြီး မဟာဂီတ တီလုံးတီးကွက် စိန်ဗေဒါကြီး၏ ခေတ်ဆန်း တီးလုံးတီးကွက်၊ အဆို့အပိတ်၊ အဆစ်၊ အသွားများကို နာယူပြီး “မြို့မ”၏ တီးလုံးတီးကွက် များအဖြစ် အသက်သွင်းကြသည်။

 

 

 

သည်တော့ မြို့မ၏ လက်ဟောင်းတေးများဖြစ်သော “လက်ရေတပြင်တည်း”တို့၊ ”ကြားဖူးကြရဲ့လားဗျို့” တို့တွင် ဤသို့သော တီးလုံးတီးကွက်များနှင့် ဝိုင်းဖွဲ့ထား၏။ ဤသို့သော သီချင်းကို မဟာဂီတ ဆိုဟန်ဆိုပေါက်နှင့် ရှေးက အဆိုတော်ကြီးများသီဆိုလိုက်တော့ “နေခြည်နဲ့ အသား၊ ရွှေစီတဲ့ ပတ်္တမြား၊ ပနံစားတယ်” ဖြစ်သွားတော့သည်။ မြို့မမှာ အလားတူ အပီအပြင် ဆိုရမယ့် အခြားသီချင်းများလည်းရှိပါ၏။ ပဉ္စသိင်္ခ၊ လက်ဝဲသုန္ဒရ၊ အောင်ပင်လယ်၊ ရွှေမိုးညို၊ ရှုမဝလူပျိုသိုး၊ အိုလံပစ်၊ ရွှေဗဟိုစည်သံ၊ မြန်မာ့ဂုဏ်ရည်၊ လှောင်၊ တကြိုက်တည်းကြိုက် စသည့် သီချင်းများဖြစ်သည်။ တကယ်တော့ မြို့မ၏ မြန်မာသံ သီချင်းတိုင်းလိုလိုက မဟာဂီတနှင့် ကင်းတာ မဟုတ်ခဲ့။ ထို့ကြောင့် ဟန်တွေ၊ မာန်တွေ၊ အဆို့တွေ၊ အပိတ်တွေ၊ အဆစ်တွေ၊ အသွားတွေနှင့်လည်း မကင်းခဲ့။

 

 

ထို့ကြောင့် ဒီတီးလုံး၊ ဒီအဆိုတော်၊ ဒီသီချင်းတွေနဲ့ “မြို့မ” သည် မြန်မာများ၏ နားသောတမှာ “ချိုအီ၊ ချိုအီ”ဖြစ်ပြီး စွဲမက်ခဲ့ကြ ခြင်းလည်း ဖြစ်သည်။ “တီးလုံးဆန်းရဲ့ ပါရဂူ၊ မြို့မကြီးရဲ့ အတီးကို နှစ်သက်သူ”တွေ ဖြစ်ကြတော့သည်။ ထိုဂီတသည်ပင် မြို့မဟန်၊ မြို့မမူဖြစ်ခဲ့သည်။

 

 

 

ဤသို့ဖြင့် မြန်မာသီချင်းကြီးများအား ဤသို့ဝိုင်းဖွဲ့မှု ပုံစံဖြင့် တီးမှုတ်ခြင်းနှင့်အတူ ခေတ်ပေါ် သံဆန်း မြန်မာ သီချင်းများအား ကမ္ဘာ့ဂီတ သင်္ကေတ နည်းစနစ် သုံးပြီး တီးမှုတ်မှုက ၁၉၃၂ခုနှစ် ရောက်သောအခါ မြို့မတူရိယာအသင်း ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတော်လုံ၏ သားရှင်ပြုအလှူပွဲမှာ ရန်ကုန်မြို့ ဂျူဗလီဟောထိ သွားရောက် ဧည့်ခံ ဖျော်ဖြေခြင်းဖြင့် ကျယ်ပြန့် တွင်ကျယ်စေခဲ့ပါသည်။ ထို့နောက် ၁၉၅၀ခုနှစ်တွင် ငြိမ်းချမ်းရေး သင်္ကြန် အဖြစ် မြို့မက မြို့မငြိမ်း ဦးဆောင်မှုနှင့်အတူ ရန်ကုန်သင်္ကြန်ကိုရွှေမန်းရေယာဉ်နှင့် ဆင်နွဲခဲ့ပြန်သည်။ ၁၉၅၂ခုနှစ်တွင် ဖ.ဆ.ပ.လအစိုးရ၏ ပြည်တော်သာ ညီလာခံသို့ မန္တလေး အနုပညာရှင်များ နှင့်အတူ မြို့မတစ်သင်းလုံး လိုက်ပါပြီး ဖျော်ဖြေခဲ့ရာ  မြို့မငြိမ်း၏ ယနေ့တိုင် ခေတ်မီ နာည်ကျော်ဆဲ ဖြစ်သော “လူချွန်လူကောင်း”သီချင်းကို အမျိုးသားမွေအနှစ် အဖြစ် ချန်ထားရစ်နိုင်ခဲ့သည်။

 

 

 

၁၉၅၂ခုနှစ ဩဂုတ်လတွင် ဝန်ကြီးချုပ်ဦးနုသည် ပြည်တော်သာ ၅နှစ်စီမံကိန်းကို ကြေငြာခဲ့သည်။ ပြည်တော်သာ စီမံကိန်းသည် တော်ဝင်လယ်သမားများ နိုင်ငံအဖြစ် ဖွင့်ဆိုပါသည်။ ထိုစီမံကိန်းသည် ဦးနု၏ နိုင်ငံရေး ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေး၊ကြီးပွား ချမ်းသာရေးနှင့် ဗုဒ္ဓဘာသာ လောကနီတိများကို အခြေခံသော ဒီမိုကရက်တစ် ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ရေးဖြစ်သည်။ ထိုစဉ်ကအစိုးရ၏ ဝါဒဖြန့်ချိရေးအတွက် ပြည်တော်သာ ညီလာခံတွင် ပြည်တော်သာ စီမံကိန်းကို အသားပေးစေမည့်သီချင်းများအား စပ်ဆို ပြိုင်ပွဲဝင် စေခဲ့သည်။ အဆိုပါ ညီလာခံသို့ သွားရောက် ဖျော်ဖြေကြသည့် မန္တလေး အနုပညာရှင်များကိုယ်စား ဆရာမြို့မငြိမ်းက သီချင်းတစ်ပုဒ် ရေးစပ်ရာတွင် ပြည်တော်သာဟူသော ဝါဒဖြန့် စကားလုံး တစ်လုံးမျှ မပါဘဲ သူကိုယ်တိုင် ယုံကြည်သည့် အနာဂါတ် မြန်မာနိုင်ငံတော်၏ ပုံရိပ်ကို ရဲရဲဝံ့ဝံ့ မျှော်လင့်ကာ “ လူချွန်လူကောင်း” အမည်နှင့် သီချင်းတစ်ပုဒ် ရေးစပ်၍ ညီလာခံတွင် တီးမှုတ်သီဆိုစေခဲ့၏။

 

 

 

“ လူချွန်လူကောင်း”သီချင်းတွင် ပညာအရင်းအမြစ် လူသား အရင်းအမြစ်များကသာ အနာဂါတ် တိုင်းပြည်အတွက်တကယ် ပြည်တော်သာ စေမည့်အပြင် အဆိုပါ အရင်းအမြစ်များ ရရှိ ပိုင်ဆိုင်စေရေး ညီညွတ်မျှတစွာ ပေါင်းစည်းနိုင်ရေး များကိုအမြင်ကျယ်စွာ သရုပ်ဖော် ရေးဖွဲ့ခဲ့သည့် သီချင်းဖြစ်သောကြောင့် ယနေ့တိုင် ခေတ်မီ နေဆဲ ဖြစ်ပါ၏။

 

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #လူချွန်လူကောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW