ဗောဓိတထောင် ဘုရားလုံခြုံရေးတာဝန်ကျ ရဲနှစ်ယောက် ပစ်သတ်ခံရ



မေ ၊ ၇ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရဲ့ အရှေ့တောင်ဘက် ၊ ခတ္တက္ကန်ကျေးရွာမှာရှိတဲ့ ဗောဓိတထောင် သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲနှစ်ယောက်ဟာ ဒီကနေ့မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဘုရားစျေးတန်း ၊ စျေးသည်တွေဆီက သိရပါတယ်။

” ရပ်တော်မူဘုရားကြီးနဲ့ အဲ့ဒီနေရာ အနီးက ရုပ်သံထပ်ဆင့် ထုတ်လွှင့်ရုံမှာ တာဝန်ကျနေတဲ့ ရဲနှစ်ယောက်က သူတို့ သောက်သုံးရေခတ်ဖို့ ဘုန်းကြီးကျောင်းမကြီးဘက်ကို ရေခတ်သွားရင်း ငှက်ပျောတောထဲကနေ ချောင်းမြှောင်းပစ်ခံရတာ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရဲနှစ်ယောက် နေရာမှာတင် သေဆုံးသွားတယ် ” လို့ ဘုရားစျေးတန်း ၊ စျေးသည်တယောက်က ပြောပါတယ်။

ခတ္တက္ကန် (တောင်)ရွာနေ ဒေသခံတယောက်က
” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ဗောဓိတထောင် သာသနာ့နယ်မြေမှာ ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ဖူးတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင် PDF ဘက်က လေးငါးယောက်လောက်သေတယ် ၊ နောက်ပြီး ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်တုန်းက ဗောဓိတထောင် သာသနာ့နယ်မြေ လုံခြုံရေးတာဝန်ကျ ရဲသုံးယောက် ပစ်ခံရပြီး ၊ နေရာမှာတင် ရဲတယောက်သေဆုံးကာ သူ့ကိုင်ဆောင်တဲ့ သေနတ်တလက်ပါသွားတယ် ၊ အဲ့ဒီလို မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် ရပ်နီး ရပ်ဝေး ဘုရားဖူးဧည့်တွေ ဗောဓိတထောင် သာသနာ့နယ်မြေ အပါအဝင် ကျောက္ကာရွှေဂူနီ ၊ ဖိုဝင်တောင် နဲ့ အလောင်းတော်ကဿပ ဘုရားဘက်တွေ ဝင်ရောက်မှုမရှိတာ လေးနှစ်ရှိပြီ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတုန်းက ဗောဓိတထောင် သာသနာ့နယ်မြေနားက ဘန်စီကျေးရွာ ၊ သက္ကယ်ကျင်းကျေးရွာ ၊ လယ်ဇင်ကျေးရွာနဲ့ မုံရွေးကြေးမုံ ကျေးရွာဘက်တွေနားက PDF အဖွဲ့တွေ အခြေပြုနေထိုင်တဲ့ စခန်း သုံးခုထက်မနည်း ဖျက်ဆီးခံရပြီး ၊ PDF အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဗောဓိတထောင်သာသနာ့နယ်မြေ မြင်ကွင်း( ဗောဓိတထောင်)

Related posts

Leave a Comment

VOM News

FREE
VIEW