မေ ၁၅ – ၂၀၂၄
GG (VOM)
မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကနေ ကားအသေးတွေ တစီးချင်းစီး ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်တယ်လို့ ဖြတ်သန်းသွားလာခဲ့သူတွေဆီကသိရပါတယ်။
ပျက်စီးသွားတဲ့ကျုံအိတ်တံတားနှစ်စင်းအနက် ထက်ပိုင်းကျိုးကျတဲ့သံကွန်ကရစ်ဘက်ခြမ်းမှာ မြေသားဖြည့်ထားပြီး ကားအသေး၊ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်ပေးနေတာဖြစ်ပါတယ်။
” အောက်ပိုင်းနိမ့်တဲ့ကားတွေကတော့သွားဖို့မလွယ်ဘူး။အခုက ကားအသေးတွေလွှတ်ပေးနေတာ၊ကားကြီးတွေ ကုန်ကားတွေကတော့သွားလို့မရသေးဘူး။အခုကကျိုးကျတဲ့တံတားအခြေမှာမြေကြီးဖို့ပြီး ဖြတ်ခွင့်ပေးနေတာပေါ့။လမ်းရှင်းပေးတဲ့သူတွေလည်းရှိပါတယ် ” လို့ ဖြတ်သန်းသွားလာခဲ့တဲ့ မော်လမြိုင်အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကပြောပါတယ်။
ကျုံအိတ်တံတား တခြမ်းကနေ ကားအသေးတွေကိုဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး သထုံ နဲ့ ဘီးလင်းမှ ကားတွေကိုအသွားအပြန် အလှည့်ကျစီဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့သိရပါတယ်။
ကျုံအိတ်တံတား ကနေ ကားအသေးတွေသာဖြတ်သန်းခွင့်ရနေပြီး ကားကြီး၊ကုန်ကားတွေသွားလာခွင့်မရသေးတာကြောင့် ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းကနေ ကားတွေသွားလာနေကြရဆဲဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကျုံအိတ်တံတား ရှောင်ကွင်းလမ်းဖြစ်တဲ့ ကျေးရွာချင်းဆက် ဒုံဝန်းကျေးရွာကိုသွားတဲ့လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးမှာ မေ ၁၅ ရက်က ရပ်ထားတဲ့ ကားတစီးပေါ် ဒရုန်းဗုံး ကျပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
” မနေ့ နေ့လယ်၁နာရီကျော်လောက်မှာ ကားပေါ်ကျပြီးပေါက်ကွဲမှုဖြစ်တာ၊ကားကရပ်ထားချိန်ဖြစ်လို့ကံကောင်းသွားတယ်၊လူတွေတော့မထိလိုက်ဘူးပေါ့၊ကားပေါ်ပါပစ္စည်းရောကားရောပျက်စီးတယ်။ အဲဒီကားက တောလမ်းကနေသွားမယ့်ကားပါ၊ အဲဒီတောလမ်းက အရေးမကြီးရင်မသွားသင့်တော့ပါဘူး၊အခုလည်း ကျုံအိတ်တံတား ကနေကားလေးတွေပေးဖြတ်နေတယ် ” လို့ ရန်ကုန် -မော်လမြိုင်ကားမောင်းနေသူတယောက်ကပြောပါတယ်။
ဗုံးထိမှန် ပျက်စီးခဲ့တဲ့ ကားက ရန်ကုန် – မြဝတီ ပြေးဆွဲနေတဲ့ ပြည့်အားမာန် ယာဉ်လိုင်းက ခရီးသည်တင်ကားဖြစ်တယ်လို့သိရပါတယ်။
ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ကာ လမ်းပိုင်းက ပိတ်လိုက်ဖွင့်လိုက်နဲ့သတိထားသွားလာနေရပေမယ့်လည်း ခရီးသည်တင်ကား၊ကုန်ကားတွေကတော့ ခုချိန်ထိ တောလမ်းအသုံးပြုနေကြတယ်လို့သိရပါတယ်။
ကျုံအိတ်တံတားကမေလ ၁၁ ရက်နေ့မှာမိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ ကျေးရွာချင်းဆက် တောလမ်းကနေ ကားတွေသွားလာနေကြတာဖြစ်ပါတယ်။
Photo:CJ