မတ် ၁၂ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ မတ္တရာမြို့ (အရှေ့ခြမ်း) အပြင် မြို့အနောက်တောင်ဘက်က ဘိုကုန်း၊ ထန်းပင်ကုန်းနဲ့ ကျောက်တံတားရွာတို့မှာ တိုက်ပွဲတွေရှိနေပြီး နစက က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ကာ ပြန်လည် ခုခံနေတယ်လို့ သိရပါတယ်။
“မနေ့ကလည်း မတ္တရာမြို့ (အရှေ့ခြမ်း)၊ သဖန်းကိုင်းရွာ စာသင်ကျောင်းနဲ့ ရွာအနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်။ တယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ စာသင်ကျောင်းရဲ့ တောင်ဘက် အုတ်တံတိုင်းလည်း ပြိုကျသွားတယ်။ အုတ်တံတိုင်းရဲ့ တောင်ဘက် ကပ်လျက်က လက်ဖက်ရည်ဆိုင်လည်း ပျက်စီးတယ်။ နောက်ပြီး စာသင်ကျောင်း အရှေ့မြောက်ဘက်က အဆောက်အအုံတလုံးလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
ဒါအပြင် နေ့စဉ်လိုလို ပစ်ခတ်မှုတွေ ရှိနေတာကြောင့်လူသေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေသလို ဒေသခံအများစု နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
“လတ်တလော စစ်ဘေးရှောင်နေကြတာက မတ္တရာ (အရှေ့ခြမ်း)၊ ကျေးရွာတွေက ဒေသခံတွေဆို နီးစပ်ရာမြို့ဖြစ်တဲ့ စစ်ကိုင်းဘက်ကို စစ်ရှောင်ကြတာရှိတယ်။ မြို့အနောက်ခြမ်းက ကျေးရွာတွေကတော့ ဝက်လက်ဘက်ကို ရှောင်ကြတယ်။ တချို့ကတော့ တောတောင်တွေနဲ့ ဧရာဝတီမြစ် သဲသောင်ကျွန်းတွေပေါ်မှာ တိမ်းရှောင်နေကြတာ ရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
မတ္တရာတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ မတ် ၁၁ ရက်နေ့၊ အသိပေး ရေးသားချက်မှာတော့ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာအနီးမှာ နယ်မြေရှင်းစစ်ကြောင်းနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့ မတ် ၁၀ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နစက တာဝန်ရှိသူတွေဘက်ကတော့ မတ္တရာမြို့နယ်ရဲ့ လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးသလို ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကလည်း သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ မတ္တရာမြို့နယ်က စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တံတားဦးနဲ့ နွားထိုးကြီး မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေပြီး ဒေသခံ ရှစ်သောင်းဝန်းကျင် စစ်ဘေး တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ