မတ် ၁၂၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ မတ်လ ၁၂ရက်၊ မနက်ပိုင်းအချိန်က အမျိုးသမီးတယောက် သေနတ်ပြလုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်အောင်မြေရပ်ကွက်ရုံးအနီးရှိ ခေါက်ဆွဲခပ်ဆိုင်မှာ ခေါက်ဆွဲစားနေတဲ့ အမျိုးသမီးကို Crown အမျိုးအစား အနက်ရောင်ကားနဲ့ အမျိုးသား လေးယောက် ရောက်ရှိလာပြီး နှစ်ယောက်က ကားပေါ်မှာ ကျန်နေခဲ့ကာ နှစ်ယောက်က ကားပေါ်မှ ဆင်းလာကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“မနက် ၉နာရီခွဲလောက်တုန်းက ပါလျှံ-၂က ရပ်ကွက်ရုံးနားမှာပဲ ဖြစ်သွားတာ။ သေနတ်ထုတ်ပြပြီးတော့ ပါတာအကုန်ယူသွားတာ။ သေနတ်ပါနေတော့ ဆိုင်ရှင်ကော၊ ဓားပြတိုက်ခံရတဲ့သူကော အော်လည်း မအော်ရဲ၊ ဘာမှလည်း ပြန်မလုပ်ရဲဘူးလေ။ သေနတ်ကတော့ ပစ္စတိုလို့ ပြောတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
အခင်းဖြစ်ရာနေရာဟာ မြို့တွင်းမှာဖြစ်သလို လူသွားလူလာမပြတ်တဲ့ နေရာဖြစ်ပြီး လုယက်သူတွေဟာ အဲဒီအမျိုးသမီးထံကနေ ရွှေဆွဲကြိုး၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကို ယူဆောင်ကာ ကားနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“ရပ်ကွက်ရုံးနားလေးမှာတောင် ဓားပြတိုက်ရဲတာကတော့ အတင့်ရဲတာပေါ့။ တာချီလိတ်မှာ ခိုးတာ၊ လုတာက နေ့တိုင်းလိုလိုဖြစ်နေပြီ။ ဆိုင်ကယ်ဆိုလည်း နေ့တိုင်းနီးပါးပျောက်နေတာပဲ။ တစ်ခါမှလည်း ဖမ်းမမိဘူး။ လုခံရတဲ့ သွားတိုင်လည်း အလကားပဲ၊ တခါမှ ဖမ်းမိတယ်လို့ မကြားမိဘူး”လို့ အခြားဒေသခံ တယောက်က VOMကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ရက်၊ ညပိုင်းအချိန်ကလည်း တာချီလိတ်မြို့၊ မယ်ယန်းကျေးရွာမှာ အသက်(၆၀)ကျော် အမျိုးသမီးတယောက် ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့သလို VOMက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ တာချီလိတ်မှာ အခု၂၀၂၅ခုနှစ်အတွင်း ဓားပြတိုက်မှု၊ ပြန်ပေးဆွဲခံရမှု၊ လုယက်ခံရမှု ၁၀ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
ဓာတ်ပုံ-ဒေသခံ