ဝိုင်းမော်ဘက်က ပြည်သူတွေ အများအပြား မြစ်ကြီးနားဘက် စစ်ရှောင်နေရ

မေ ၂၂၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဝိုင်းမော်ဘက်က ပြည်သူတွေ အများအပြားဟာ ဒီက‌ေန့မေလ ၂၂ ရက်နေ့မှာ လမ်းမကြီး အပြည့် မြစ်ကြီးနားဘက် စစ်ရှောင်နေကြကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“အဲလောက်များတဲ့ လူတွေကို ဘယ်သူက နေရာ ပေးနိုင်မလဲ မသိဘူး။ ဝိုင်းမော်ဘက်က လူတွေထောင်ချီ မြစ်ကြီးနားဘက် စစ်ရှောင်နေကြတယ်။ လမ်းတောင် မဆံ့ဘူး။ ပိတ် ကျပ်နေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မနေ့ညက Rocket missile ဝိုင်းမော်ဘက် ပစ်ခတ်တာတွေကြောင့် ပြည်သူ အများစုက ကြောက်လန့် စိုးရိမ်ပြီး ဝိုင်းမော်ဘက်က ပြည်သူတွေ တော်တော် များများ မြစ်ကြီးနားဘက် စစ်ရှောင်နေကြတာ လို့ဆိုပါတယ်။
“ရှောင်တော့ ရှောင်ရမှာပဲ လေ။ တိုက်ပွဲ ဆိုကတည်းက ငှဲ့ညှာတော့မှာ မဟုတ်ဘူးလေ။ ပြောင်းဝ လှည့်တဲ့ဘက် ကျည်ထွက်လာမှာပဲ။” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဝိုင်းမော်မြို့ အနီးဝန်းကျင်က ရွာ‌ ဆယ်ချီ မြစ်ကြီးနားမြို့ဘက်၊ ဝိုင်းမော် အင်ဂန်၊ ဂွေထူ ပြည်သူ့စစ် ရှိတဲ့ နေရာဘက်၊ နောင်းချိန်းရွာဘက် တွေမှာ ရှောင်ကြတယ် လို့ ‌ဒေသခံ လူငယ် တယောက်ကလည်း ပြောပါတယ်။
တချို့ ဒေသခံတွေကတော့ မြို့ပြင်ဘက်၊ တောဘက် ဘေးလွတ်ရာ တိမ်းရှောင်ကြ သလို မြို့ဘက် အသိဆွေမျိုးရှိသူတွေက မြို့ဘက် တိမ်းရှောင်ကြကာ တချို့ ထွက်ပြေးဖို့ ငွေကြေးမတတ်နိုင်၊ အဆင်မပြေတဲ့ သူတွေကဝောာ့ ကိုယ့်နေရာမှာပဲ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက နေရာတချို့မှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစ ယမန်နေ့ မေလ ၂၁ ရက်ည အထိ စစ်တပ်နဲ့ KIA ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပြီး တိုက်ကွဲ အတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ ရှိသလို ပြည်သူတွေရဲ့ နေအိမ် အဆောက်အဦးတွေလည်း ပျက်စီး၊ မီးလောင်သွားတာတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW