နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ရောက်ရှိနေ

 

ဆိုးလ် ၊ ဇွန်-၂၂-၂၀၂၄
မျိုးဆက်(VOM)

နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စစ်ရေးလေ့ကျင့်ဖို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ဒီနေ့ ဇွန် ၂၂ ရက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုမှုတွေနဲ့ ရန်လိုပြီး ဘေးမကင်းတဲ့ လုပ်ရပ်တွေ မြင့်တက်နေချိန်မှာ သုံးနိုင်ငံစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွက်း အခုလို လေယာဉ်တင်သင်္ဘောရောက်ရှိလာတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်မှာပြုလုပ်တဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အခုလို နှစ်စဉ်စစ်ရေးလေ့ကျင့်ဖို့ နှစ်ဘက်အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆက်လက်ဟန့်တားမှုကို ပြသတဲ့အနေနဲ့ အခြေားအမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ ကားလ်ဗင်ဆင် တောင်ကိုရီးယားကို လာရောက်ခဲ့ပြီးနောက် ခုနှစ်လအကြာမှာ သီအိုဒိုရုစဗဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော အခုလိုရောက်ရှိလာတာဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယခုသီတင်းပတ်အတွင်းက ၂၄ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို လာရောက်ခဲ့ပြီး အပြန်အလှန်ကာကွယ်ပေးရေးကတိကဝတ်တွေပါဝင်တဲ့ သဘောတူညီချက်တရပ်ကို ကင်ဂျုံအန်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ အာရှဒေသမှာ ရုရှားရဲ့ အထင်ရှားဆုံးလှုပ်ရှားမှုတွေထဲက တခုဖြစ်ပြီး ဒီကိစ္စအပေါ် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #အမေရိကန် #လေယာဉ်တင်သင်္ဘော #တောင်ကိုရီးယား #ဘူဆန်ဆိပ်ကမ်း #ရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW