ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီးမြို့ ရပ်ကွက်အများအပြား ရေနစ်မြုပ်နေ

 

ဇူလိုင် ၃ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မစျေးထဲက ဆန်ဆိုင်တွေနဲ့ ကုန်ဆိုင်တွေ ရေကြီးမှုကြောင့် ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့၊ ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေ လျှံတက်လာတာကြောင့် ခန္တီးမြို့ထဲက ရပ်ကွက်အတော်များများ ရေမြုပ်နေပြီဖြစ်သလို မြို့မစျေးထဲက ဆန်ဆိုင်တွေနဲ့ ကုန်ဆိုင်တွေလည်း ရေနစ်မြုပ်ကုန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီတခေါက် ရေတက်လာတာ အရမ်းမြန်တယ်။ သိမ်းနေရင်းနဲ့ကို ဆန်တွေအကုန်မြုပ်ကုန်တာ။ တခြားဆိုင်တွေ တော်တော်များများလည်း ပျက်စီးကြတယ်။ လမ်းပေါ်ရပ်ထားတဲ့ ကားတွေလည်း အကုန်မြုပ်တာပဲ” လို့ သူက ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းက သာစည်ရပ်ကွက်ကနေ ရေတွေ စတင် ဝင်ရောက်လာတာဖြစ်ပြီး အောင်သာ၊ ပေါမိုင်း၊ မြို့မ စတဲ့ ရပ်ကွက်တွေဇူလိုင်လ ၁ ရက်မှတွင် စတင်ပြီး လူတရပ်ကျော် အမြင့် ၆ ပေအထိ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အကုန် ရေမြုပ်နေတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

“မနက် ၂ နာရီကျော်လောက်မှာ ရေတွေရောက်လာတာ။ အရမ်းမြန်တယ်။ ရေစီးကလည်း တအားကောင်းတယ်။ ဘာမှတောင် သိမ်းချိန်မရလိုက်ဘူး။ ကြက်သွန်အိတ်တွေ မြုပ်ကုန်တယ်။ အခု ခန္တီးမြို့အထက် မြေအမြင့်ပိုင်းက ဇီးဖြူကုန်းရပ်ကွက်ကလွဲပြီး ကျန်တဲ့ရပ်ကွက်တွေ အကုန် ရေမြုပ်နေပြီ။ အဲဒါကြောင့် ရေမြုပ်တဲ့ရပ်ကွက်က လူတွေက ဇီးဖြူကုန်းရပ်ကွက်ကို ရွှေ့ပြောင်း နေထိုင်နေတာတွေလည်းရှိတယ်။ ဒါပေမယ့် အများစု မြသိန်းတန်ရိပ်သာမှာ နေနေကြတာလည်း ရှိတယ်” လို့ သူက ပြောပါတယ်။

ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတက်လို့ ရေကြီးပြီးတဲ့နောက် အဲဒီမြစ်လက်တက်ဖြစ်တဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်လာတာလို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ခန္တီးမြို့ စိုးရိမ်ရေမှတ်ဟာ ၁၃၆၀ စင်တီမီတာ ရှိရာမှ လက်ရှိမှာ ၁၅၃၉ စင်တီမီတာကို ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၁၅၉၉ စင်တီမီတာကို ရောက်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသလို ဟုမ္မလင်းမြို့မှာလည်း စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီလို့ မိုး/ဇလဌာနနဲ့ မိုးလေဝသပညာရှင်တွေက အသိပေးထားပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၆ ပေခန့် (၁၇၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခွဲခန့် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် ဟုမ္မလင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၃ ပေခန့် (၉၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီလိုပဲ ဖောင်းပြင်မြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဗန်းမော်၊ ရွှေကူ၊ ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်တွေ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုး/ဇလဌာနက အကြံပြုထားပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ခန္တီး #ရေကြီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW