ထိုင်ဝမ် ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ် ဖမ်းဆီး

 

တိုင်ပေ၊ ဇူလိုင်-၃-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်မှာ ထိုင်ဝမ်ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ကထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းအနီးမှာ တရုတ်ကမ်းခြေစောင့်တပ်က စစ်ဆေးခဲ့ပြီး သင်္ဘောပေါ်မှာတော့ အမှုထမ်းခြောက်ယောက်ပါတယ်လို့ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ ငါးဖမ်းသင်္ဘောအမှုထမ်းတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုတွေ လျော့ပေါးရေးအတွက် တရုတ်ကို ထိုင်ဝမ်တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

ဇူလိုင် ၂ ရက်ညပိုင်းက ဖူကျန်ပြည်နယ်ကမ်းလွန်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောနှစ်စင်းက ရေကြောင်းဆိုင်ရာ စစ်ဆေးမှုတွေအတွက် အဆိုပါငါးဖမ်းသင်္ဘောကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောပါတယ်။

ငါးဖမ်းသင်္ဘောကို ကယ်တင်ဖို့ ထိုင်ဝမ်ကင်းလှည့်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ပေမယ့်လည်း တရုတ်ကမ်းခြေစောင့်တပ်က တားဆီးခဲ့ပြီး ငါးဖမ်းသင်္ဘောကို ဖူကျန်ဆိပ်ကမ်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အားသုံးမယ်လို့ ပြောဆိုထားပြီး လက်ရှိမှာလည်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Ref:CAN
Photo:Getty Images

#Voiceofmyanmar #VOM #ထိုင်ဝမ် #ငါးဖမ်းသင်္ဘော #တရုတ်ကမ်းခြေစောင့်တပ် #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW