လားရှိုးနဲ့ နမ့်ပေါင်မှာ တိုက်ပွဲ ပြင်းထန်လာပြီး ပြည်သူတွေ၊ နေအိမ်တွေ ထိခိုက်မှု ထပ်တိုးလာ

 

ဇူလိုင် ၄၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ နမ့်ပေါင်ဘက် ဇူလိုင်လ ၃ ရက်နေ့ နေ့လယ်ပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ပြည်သူတွေ၊ နေအိမ်တွေ ထိခိုက်မှု ထပ်တိုးလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မန္တလေး မီးပွိုင့်နားက ပန်အုပ်ကျောင်းမှာ လက်နက်ကြီးကျတာ။ သုံး ယောက် ထိတယ်လို့ပြောတယ်။လို့ ဒေသခံ တယောက်က ပြောပါတယ်။

မြို့ဝမ်ဘက်လည်း လက်နက်ကြီး တလုံးကျပြီး ကလေးနှစ်ယောက်ထိတယ်လို့ သိရပြီးရပ်ကွက်က ၉ ဘက် စစ်မှုထမ်းဟောင်း အိမ်ယာနားဘက်လည်း တလုံးကျ၊ ရပ်ကွက် ၁၀ နယ်မြေ ၁၊ သရဖီလမ်း နဲ့ မြတ်လေးလမ်း တောင်မှာလည်း ရှော့တိုက်တလုံးထိထားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ဒီမနက်ပိုင်း ဗျူဟာလမ်းဘက် ရှော့တိုက်ဒုံးကျည်ကျတာမှာ ထပ်သိရ သလောက် ရှစ်ယောက် ထိပြီး မိသားစုလိုက် ခြောက်ယောက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် နမ့်ပေါင်ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်ပြီး အရပ်သား သုံးယောက်ထိကာ နေအိမ်တွေလည်း ထိမှန်ထားကြောင်း။ယာဉ်မောင်း တယောက်က ပြောပါတယ်။

“နမ့်ပေါင်မှာ မနက် ၄ နာရီ လောက်ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ ဒရုန်းတွေရော လေယာဉ်ရော နှစ်စီး နဲ့ ချနေကြတယ်။” လို့ သူက ပြောပါတယ်။

လားရှိုးအနီးက မန်ဆန်ရေကျဘက်မှာလည်း တိုက်ပွဲ ပြင်းထန် နေတာကြောင့် နေအိမ်တွေ မီးလောင်သွားတယ်လို့ သိရပေမယ့် အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လားရှိုးနဲ့ အနီး ဝန်းကျင် လက်ရှိ တိုက်ပွဲ ဖြစ်ပွားရာ နေရာက ဒေသခံ ပြည်သူတွေကို အဝင်အထွက် ပိတ်ထားတာကြောင့် တခြား ဘေးလွတ်ကာ ရှောင်တိမ်းလို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

့ ဇူလိုင်လ ၃ ရက်နေ့ကစ ကိုးကန့် MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက လားရှိုး နဲ့ အနီး ဝန်းကျင်ကို စစ်မျက်နှာ လေးခုဖွင့်ကာ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် တွေဘက်မှာလည်း TNLA နဲ့ ပူးပေါင်း အဖွဲ့က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

Photo Crd#ဒေသခံ
#voiceofmyar #VOM #လားရှိုး #နမ့်ပေါင် #တိုက်ပွဲ #ပြည်သူ #နေအိမ် #ထိခိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW