ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တွေနဲ့ ဒေသခံတချို့ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေရ

 

ဇူလိုင် ၅ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တွေနဲ့ ဒေသခံတချို့ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၃ ရက်နေ့မှစတင်ကာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်မထက် ၄ ပေကျော် မြင့်တက်လာတာကြောင့် တမြို့လုံးနီးပါး ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုမ္မလင်း – နောင်ပိုအောင် အဓိကလမ်းမကြီးလည်း ရေမြုပ်နေပြီ။ အဲဒီရွာ နှစ်ရွာလုံးလည်း မြုပ်နေပြီ။ နောင်တောမှာရောပဲ။ ဥရုချောင်းရေလည်း တိုးနေတယ်။ မိုးကလည်း ကောင်းတယ်။ တမြို့လုံး ရေဝင်နေပြီဆိုတော့ မြစ်ကမ်းဘေး မြေနိမ့်ပိုင်းနေရာတွေကနေ ကုန်းမြင့်ရှိတဲ့နေရာတွေကို ပြောင်းရွှေ့နေရတာ။ နဂိုကမှ ဖုန်းလိုင်းတွေမကောင်းပါဘူးဆို ရေဘေးနဲ့ဆိုတော့ပိုဆိုးနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဟုမ္မလင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေစပြီး ဒေသခံတွေဟာ ဟုမ္မလင်း မြို့ပေါ်ကို စစ်ဘေးခိုလှုံနေကြတာဖြစ်ပြီး အခုနှစ် မိုးရာသီမှာ ရေကြီး ရေလျှံမှုကြောင့် ထပ်မံ ရေဘေး ရှောင်နေကြရတာလို့ ဆိုပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခန့် (၁၅၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် ခန္တီးမြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၇ ပေခန့် (၂၁၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီလိုပဲ ဖောင်းပြင်မြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် (၁၄၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်မှာ မနေ့ ဇူလိုင် ၄ ရက်၊ မနက် ၈ နာရီခွဲအချိန်က ချင်းတွင်းမြစ်ရေ ဝင်ရောက်လာတာကြောင့် အောင်မင်္ဂလာဇာတ်ရုံအတွင်း နေထိုင်တဲ့ ဪေဘေးရှောင် အိမ်ထောင်စုတွေကို ဖောင်းပြင်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အင်ကြင်းမြိုင်ရပ်ကွက်၊ မင်းကွန်းဓမ္မရိပ်သာကို ကူညီ ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးများလာနိုင်ပြီး မြစ်ကြီးတွေအားလုံး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ခန့်မှန်းထားသလို ဒီကနေ့ ဇူလိုင် ၅ ရက်၊ မနက် ၈ နာရီ ၁၅ မိနစ်အချိန်မှာတော့ ဧရာဝတီမြစ်၊ မြစ်ကြီးနား ရေပြန်တက်နေပြီး မြစ်အောက်ပိုင်းမြို့တွေ ရေဆက်တက်နေသလို ချင်းတွင်းမြစ်ဟာလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်တို့မှာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ကလေးမြို့မှာ မြစ်သာမြစ်ရေ၊ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ၊ ဘားအံမှာ သံလွင်မြစ်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်တို့မှာ ငဝန်မြစ်၊ မအူပင်မှာ တိုးမြစ် အစရှိတဲ့ မြစ်ရေတွေလည်း မြင့်တက်နေသလို မိုးကောင်းမှာလည်း နန့်ယင်း/နန့်ကောင်းချောင်းရေ ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးရွာသွန်းနိုင်တဲ့ အခြေအနေတွေကတော့ နောက်လာမယ့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း (ချင်းတွင်းမြစ်ဖျား) နဲ့ ကချင်ပြည်နယ် (ဧရာဝတီမြစ်ဖျား) ဒေသတွေမှာ မိုးရေချိန် ၁၃၅ မီလီမီတာမှ ၂၃၀ မီလီမီတာ (၅ လက်မအထက်မှ ၉ လက်မအထက်) အထိ ရွာသွန်းနိုင်ပြီး မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၂၄ နာရီအတွင်း ၃၀ မီလီမီတာနဲ့အထက် ရွာသွန်းနိုင်မယ့် ဒေသတွေကတော့ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့ဖြစ်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသတွေမှာတော့ ၅ မီလီမီတာ မှ ၁၀ မီလီမီတာခန့် (၀ ဒသမ ၁၉ လက်မ မှ ၀ ဒသမ ၄ လက်မခန့်) မိုးရေချိန် ရရှိနိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ရေ #မြင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW