မတူပီစစ်ရှောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေ

 

ဇူလိုင် ၅ – ၂၀၂၄
SN (VOM)

ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက ချင်းပြည်နယ် (တောင်ပိုင်း)၊ မတူပီမြို့ကို ထိန်းချုပ်လိုက်ပေမယ့်လည်း ဒေသခံစစ်ရှောင်တွေ အိမ်ပြန်လို့မရသေးတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဇွန်လဆန်းမှစပြီး ဘေးလွတ်ရာ မတူပီ-မင်းတပ်၊ မတူပီ-ပလက်ဝ၊ မတူပီ-ရေဇွာနဲ့ မတူပီ-ဟာခါးလမ်းပိုင်းရှိ ကျေးရွာတွေအပြင် နီးစပ်ရာ တောတောင်တွေနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ဒေသခံ လူဦးရေ ၃၀၀၀ ကျော် တိမ်းရှောင်နေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေတာပါ။ လမ်းခရီး သွားလာရခက်ခဲတာရယ်၊ ဆက်သွယ်ရေး အဆင်မပြေတာရယ်ဆိုတော့ အကူအညီတွေ အလွယ်တကူ မရောက်နိုင်ဘူးဖြစ်နေတယ်။ မိုးတွင်းကာလလည်းဖြစ်တော့ အမိုးအကာအတွက်လည်း လိုတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ပုဂ္ဂလိကအလှူရှင်တချို့ လှူဒါန်းနေတာရှိပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရဲ့အကူအညီတွေ မရရှိသေးဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (CDF) မတူပီ (တပ်မဟာ-၁) ကတော့ မတူပီမြို့ လုံခြုံရေးနဲ့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဒေသခံစစ်ရှောင်တွေကို မတူပီမြို့တွင်းကို ပြန်လည် ဝင်ရောက်ခွင့်မပြုသေးတာလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မတူပီမြို့အတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်တိုက် ပြုလုပ်လျက်ရှိပြီး တဖက်မှာလည်း ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့နဲ့ အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာနိုင်တာ၊ နစကရဲ့ လေကြောင်းအန္တရာယ် ရှိလာနိုင်တာတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပြန်လည်အခြေချရေးနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်ကာကွယ်တပ်ဖွဲ့ရဲ့ ‌နောက်ထပ် အကြောင်းတစုံတရာ မထုတ်ပြန်ခင်အထိ မြို့တွင်းနဲ့ မြို့အနီးရှိ ကျေးရွာတွေကို ဝင်ရောက်ခြင်း မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစတင်ကာ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA)၊ Yaw Army (YA)၊ Yaw Defense Force (YDF) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ ချင်းညီနောင်က အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးဟာ ပြည်သူထိခိုက်မှုမရှိတဲ့အပြင် ပြည်သူပိုင်ပစ္စည်း မီးလောင်ဆုံးရှုံးမှုမရှိဘဲ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနဲ့ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် မြို့သိမ်းတိုက်ပွဲအတွင်း နစကက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၁၃ ယောက်လည်း ပြန်လည် လွတ်မြောက်လာတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) မတူပီ (တပ်မဟာ-၁) က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်လုံးဟာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ တယောက်သာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပြီး ကျန်တဲ့ ၁၂ ယောက်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (CDF) မတူပီ (တပ်မဟာ-၁) အနေနဲ့ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နစကတပ်ရင်းတွေ၊ တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ကြေညာထားပြီး နစကဘက်ကတော့ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #မတူပီစစ်ရှောင် #အရေးပေါ် #အကူအညီ #လိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW