သီပေါ တံတားမှာ တိုက်ပွဲ ဖြစ်ပွားနေလို့ ကုန်ကားနဲ့ ခရီးသည်ကားတွေ ပိတ်မိနေ

 

ဇူလိုင် ၅ ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ တံတားမှာ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲ ဖြစ်ပွားလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သီပေါ တံတား ပစ်နေတယ် လို့ကြားနေရတယ်။ အခု ပစ်ခတ်သံတွေလည်း ကြားနေရတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ တိုက်ပွဲ ဖြစ်ပွားလာတဲ့ အပြင် သီပေါမှာလည်း စစ်ရေး အခြေအနေတင်းမာနေတာကြောင့် ကုန်ကား၊ ခရီးသွားကား တချို့ သီပေါမှာ ပိတ်မိ သောင်တင် နေကြတာလို့ သူက ပြောပါတယ်။

“သီပေါ တံတားနား ည ၇ နာရီ မထိုးခင် လောက်ကစ ပစ်နေတယ်။ ရေတား ဆည်ပေါ်ကနေ သွားကြည့်နေတာ။ မြင်နေရတာ။ တောင်ပေါ်နားဘက်‌ေရာ ဒီဘက်ရော လက်နက်အသေး၊ အကြီးအသံစုံပဲ။ ဒရုန်းတွေတော့ မပါသေးဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

အခုည TNLA ဘက်က သီပေါကို ဝင်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အကုန်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သူက ပြောပါတယ်။

သီပေါကနေ မန္တလေးဘက် စစ်ဘေးရှောင်ဖို့ ထွက်လာတဲ့ သူတွေကို သီပေါနဲ့ ၃ မိုင်အကွာက နမ်ဟူးနွဲ့ရွာက TNLA ဂိတ်မှာ လုံးဝ ပေးမသွားသလို့ နမ့်လန်ဘက်မှာလည်း နစက တပ်ဖွဲတွေက ပေးမသွားဘူးလို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ သီပေါမြို့ အဝင်အထွက်ကို ကန့်သတ်တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမြို့နယ် ဒုဌဝတီတံတားအနီးရှိ နစက စခန်းကို တအာင်းတပ်မတော် TNLA မှ ညနေ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ ကစ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း PSLF/TNLA ရဲ့ သတင်းနဒ့ ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် အပြင် မိုးကုတ်တို့မှာ နစက တပ်ဖွဲ့နဲ့ မြေက်ပိုင်း မဟာမိတ် ညီနောင်တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Photo Crd#
#voiceofmyanmar #VOM #သီပေါတံတား #တိုက်ပွဲ #ကားတွေပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW